ရန်ကုန်က ဆန္ဒပြသူတွေကိုဖြိုခွင်းခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို လက်တုံ့ပြန်တိုက်ခိုက်

ရန်ကုန်တိုင်း ကြည့်မြင်တိုင်မြို့နယ်ထဲက ဆန္ဒပြသူတွေကို စစ်ကားနဲ့တိုက် ဖမ်းဆီးခဲ့တဲ့ဖြစ်ရပ်ကို တုံ့ပြန်တဲ့ အနေနဲ့ စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ နေရာ ၄ နေရာမှာ ဒီဇင်ဘာ ၅ ရက် မနေ့က လက်တုံ့ပြန်တိုက်ခိုက်ခဲ့ တယ်လို့ အမျိုးသားညီညွတ်ရေး အစိုးရ NUG ရဲ့ ရန်ကုန်တိုင်း စစ်ဒေသကွပ်ကဲရေးအဖွဲ့က ထုတ်ပြန်လိုက် ပါတယ်။
မနေ့ည ၈ နာရီဝန်းကျင်က စမ်းချောင်းမြို့နယ် အမှတ် ၂၄ ရဲစခန်းမှာ တပ်စွဲထားတဲ့စစ်တပ်ကို တိုက်ခိုက်ခဲ့ သလို ည ၈ နာရီခွဲဝန်းကျင်မှာ ခရမ်းမြို့နယ် မြို့မရဲစခန်းနဲ့ ဌာနဆိုင်ရာရုံးတွေမှာ တပ်စွဲထားတဲ့ စစ်သားတွေ ကိုလည်း တိုက်ခိုက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ည ၉ နာရီခွဲမှာ လှိုင်သာယာမြို့နယ် အမှတ် ၉ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးနဲ့ တပ်မတော် အထည်ချုပ်စက်ရုံ အနီး တပ်စွဲထားတဲ့နေရာတွေကို ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်။
ဒဂုံဆိပ်ကမ်းမြို့နယ်ထဲမှာလည်း စစ်ကောင်စီထောက်တိုင်တွေဖြစ်တဲ့ မဆလ အာဏာရှင် ဗိုလ်ချုပ် နေဝင်းရဲ့ သမီးနဲ့ မြေးဖြစ်သူတို့ပိုင်တဲ့ YBS 99 ယာဉ်လိုင်းကို ဗုံးနှစ်လုံးဖောက်ခွဲခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်။
ဒါ့အပြင် ဒီဇင်ဘာ ၅ ရက် မနေ့ညပိုင်းကလည်း ပဲခူးမြို့ အမှတ် ၂ ရဲစခန်းက လှည့်ကင်းထွက်တဲ့ ရဲတပ်ဖွဲ့ဝင် တွေကို ပဲခူးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ PDF က မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။
အဲဒီဖြစ်စဉ်တွေကနေ ထိခိုက်၊ သေဆုံးတာတွေ ရှိ၊ မရှိကိုတော့ RFA အနေနဲ့ သီးခြားအတည်မပြုနိုင်သေး ပါဘူး။
ဒီဇင်ဘာ ၅ ရက် မနေ့မနက်ပိုင်းက ရန်ကုန်တိုင်း၊ ကြည့်မြင်တိုင်မြို့နယ်၊ ပန်းပင်ကြီးလမ်းထဲမှာ ဆန္ဒပြ လူငယ်တွေကို Double-cap စစ်ကားတစ်စီးနဲ့ နောက်ကနေ ဝင်တိုက်ပြီး ဖမ်းဆီးခဲ့တာတွေကြောင့် ထိခိုက်၊ ဒဏ်ရာရသူနဲ့ ဖမ်းဆီးခံရသူတွေ ရှိခဲ့ပါတယ်။