ရန်ကုန်ဆေးရုံကြီး နှလုံးအထူးကုဆရာဝန်တွေ ကိုဗစ်ကူးစက်ခံနေရ

2022.02.13
ရန်ကုန်ဆေးရုံကြီး နှလုံးအထူးကုဆရာဝန်တွေ ကိုဗစ်ကူးစက်ခံနေရ ရန်ကုန်ပြည်သူ့ဆေးရုံကြီးကို တွေ့ရစဉ်
Photo: RFA

ရန်ကုန်ပြည်သူ့ဆေးရုံကြီးက နှလုံးရောဂါအထူးကုဆရာဝန်ကြီးတွေ ကိုဗစ်ရောဂါ ကိုယ် တိုင်ခံစားနေရလို့ နှလုံးရောဂါ ပြင်ပလူနာဌာနကို ဖေဖော်ဝါရီ ၁၄ ရက် မနက်ဖြန်ကစပြီး ၅ ရက် ခေတ္တပိတ်ထားမယ်လို့ ရန်ကုန်ပြည်သူ့ ဆေးရုံကြီးက အသိပေးကြေညာထားပါတယ်။

ဖေဖော်ဝါရီ ၁၄ ရက်ကနေ ၁၈ ရက် အထိ ခေတ္တပိတ်ထားမည်ဖြစ်ပြီး လာမယ့် ဖေဖော်ဝါရီ ၂၁ ရက်မှာ ပုံမှန်အတိုင်း ပြန်လည်ဖွင့်လှစ်မယ်လို့ ဖော်ပြထားပါတယ်။

အရေးပေါ်လူနာတွေ၊ ဆေးရုံတက်ကုသခံရမယ့်လူနာတွေကို လက်ခံကုသပေးမှာဖြစ်သလို တစ်ခြားပြင်ပအထူး ကုလူနာတွေအတွက် ပုံမှန်အတိုင်း ဖွင့်လှစ်ကုသပေးနေတယ်လို့ အသိပေးထားပါတယ်။

ရန်ကုန်ဆေးရုံကြီး အထူးကုပြင်ပလူနာဌာနမှာ လူနာတွေ မနက်စောစောလာရောက် တန်းစီပြီး စာရင်းသွင်းဖို့ စောင့်ဆိုင်းရတာ၊ ဆရာဝန်နဲ့ပြသဖို့ အချိန်အကြာကြီး စောင့်ဆိုင်းရတာတွေကြောင့် လူစုလူဝေးဖြစ်ပြီး ကိုဗစ် ၁၉ ရောဂါကူးစက်မှုကနေ ကာကွယ်နိုင်ဖို့ ဖေဖော်ဝါရီ ၁ ရက်ကနေစပြီး online booking စနစ်နဲ့ စတင် လုပ်ဆောင်နေတယ်လို့လည်း ဖော်ပြထားပါတယ်။

အထူးကုပြင်ပလူနာဌာနမှာ သက်ဆိုင်ရာရောဂါအလိုက် အချိန်စာရင်းမှာကြည့်ပြီး Viber (သို့) Messenger (သို့) Caremebot application ကနေ ကြိုတင်စာရင်းပေးသွင်းကာ လာရောက်ကုသ ခံယူနိုင်တယ်လို့လည်း ဖော်ပြထားပါတယ်။

ဖေဖော်ဝါရီ ၆ ရက်ကနေ ၁၂ ရက် မနေ့ကအထိ စစ်ကောင်စီရဲ့ ကျန်းမာရေးဝန်ကြီးဌာန စာရင်းအရ တစ်ပတ်အတွင်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၅၇၈၀ ရှိနေပြီး ရန်ကုန်တိုင်း ထဲက ၃၅၈၅ ယောက် ကူးစက်ခံနေရတယ်လို့ ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။