Eleven သတင်းထောက်တွေကို တရားစွဲရတဲ့ အကြောင်း တိုင်းအစိုးရထုတ်ပြန်
2018.10.11

Weekly Eleven ရဲ့ ရေးသားချက်ကြောင့် တိုင်းအစိုးရအဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့ ကုမ္ပဏီတာဝန်ရှိသူတွေ၊ အစုရှယ်ယာဝင်တွေရဲ့ စိတ်တွေ စိုးရိမ်ထိတ်လန့်တာတွေနဲ့ ကုမ္ပဏီကို အများပြည်သူ အယုံကြည်ပျက်စေတာ အပါအဝင် တိုင်းအစိုးရအဖွဲ့ကို အကြည်ညိုပျက်စေတာကြောင့် ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (ခ) နဲ့ တရားစွဲဆိုတာဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ဒီကနေ့ ထုတ်ပြန်ပါတယ်။
Weekly Eleven က ဆောင်းပါးရှင်နဲ့ တာဝန်ခံအယ်ဒီတာ ၂ ယောက်တို့ကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က တရားစွဲဆိုတာနဲ့ ပတ်သက်ပြီး တိုင်းအစိုးရအဖွဲ့က ဒီကနေ့မနက်မှာ သတင်းထုတ်ပြန်တာဖြစ်ပါတယ်။
အမြဲရှုံးနေတဲ့ စက်သုံးဆီဆိုင်တွေ ပိတ်ရေး၊ ငွေချေးသူ ဘယ်သူမှန်းမသိတဲ့ ကျောင်းကားနဲ့ လူနာမည်ပေါက် ပြည်သူ့ရှယ်ယာ ဆိုတဲ့ခေါင်းစဉ်နဲ့ ရေးသားထားတဲ့ဆောင်းပါးမှာ ရန်ကုန်တိုင်းအစိုးရအဖွဲ့ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်းရဲ့ ရာထူးအောက်မှာ ပြည်သူ့ရှယ်ယာတွေ ထားတယ်ဆိုတဲ့အချက်ကို ရေးသားထားပါတယ်။
အဲဒီအချက်ဟာ လွဲမှားနေပြီး တိုင်းအစိုးရအဖွဲ့ကနေ ဖွဲ့စည်းထားတဲ့ Yangon Metropolitan Development Public ကုမ္ပဏီ အစုရှယ်ယာ ပေါင်း ၅ သိန်း ၃ သောင်းကျော်နဲ့ Myanmar Construction and Development ကုမ္ပဏီက အစုရှယ်ယာ ၄ သောင်း ၈ ထောင်တို့နဲ့ ဖွဲ့စည်းထားတယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
အဲဒီအထဲမှာ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်းက အစိုးရအဖွဲ့ကိုယ်စားပြုအနေနဲ့ ပါဝင်တာဖြစ်တယ်လို့ သိရပါတယ်။