ရန်ကုန်ကို တရားဥပဒေစိုးမိုးပြီး ဖွံ့ဖြိုးတိုးတက်တဲ့မြို့တော်ဖြစ်ဖို့ ကြိုးပမ်းမည်
2018.05.09

၂၀၁၈ ခုနှစ်အတွင်း ရန်ကုန်မြို့ကို တရားဥပဒေစိုးမိုးမှုရှိပြီး ဖွံ့ဖြိုးတိုးတက်တဲ့မြို့တော်ဖြစ်ဖို့ ကြိုးပမ်းဆောင်ရွက်သွား မယ်လို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း က ဒီနေ့ ပြောပါတယ်။
ရန်ကုန်မြို့၊ ပြည်လမ်းမှာရှိတဲ့ NOVOTEL ဟိုတယ်မှာ ကျင်းပတဲ့ ၂၀၁၈ ရန်ကုန်ရင်းနှီးမြှုပ်နှံမှုဖိုရမ် Yangon Investment Forum 2018 မှာ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ၂၀၁၈ ခုနှစ်အတွင်း တိုင်းအစိုးရအဖွဲ့ လုပ်ဆောင် သွားမယ့်အခြေအနေကို ပြောခဲ့တာဖြစ်ပါတယ်။
''ကျနော်တို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ဟာ ၂၀၁၈ ခုနှစ်ထဲမှာ ကျနော်တို့ မျှော်မှန်းထားတာ နှစ်ချက်ပဲ ရှိပါတယ်၊ တရားဥပဒေစိုးမိုးမှုရှိတဲ့ သန့်ရှင်းတဲ့ မြို့တော်ကြီးတစ်ခုဖြစ်ဖို့ ကျနော်တို့ ကြိုးပမ်းမှာဖြစ်ပါတယ်၊ ဒုတိယတစ်ချက် ကတော့ ကျနော်တို့ ရန်ကုန်မြို့ကို ဖွံ့ဖြိုးတိုးတက်တဲ့ မြို့တော်ကြီးဖြစ်အောင် ဆောင်ရွက်မှာဖြစ်ပါတယ်၊ ဒါဟာ ဒီ ၂၀၁၈ ခုနှစ်အတွင်းမှာ ကျနော်တို့ တိုင်းဒေသကြီးအစိုးရဘက်က ဒီရည်ရွယ်ရွက်နှစ်ချက်ကိုပဲ ကြိုးပမ်း ဆောင်ရွက်သွားမှာဖြစ်ပါတယ်"
ဖိုရမ်ကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ YRIC၊ Myanmar Investors Development Association (MIDA)နဲ့ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွန်ကြားမှုဦးစီးဌာနက DICA တို့က ဦးဆောင်ကျင်းပတာဖြစ်ပြီး ပြည်တွင်းပြည်ပက စီးပွားရေးလုပ်ငန်းရှင် ရာနဲ့ချီ တက်ရောက်ခဲ့ပါတယ်။
ဦးဖြိုမင်းသိန်းက ရန်ကုန်တိုင်းဒေသကြီးရဲ့ မဟာဗျူဟာမြောက် ရင်းနှီးမြှုပ်နှံမှုစီမံကိန်းတွေဖြစ်တဲ့ ကြည့်မြင်တိုင် တစ်ဘက်ကမ်းက မြို့သစ်စီမံကိန်း အပါအဝင်၊ ထပ်မံတိုးချဲမယ့် သီလဝါတစ်ဖက်ကမ်းက အထူးစီးပွားရေးဇုန်၊ တန်ဖိုးနည်းအိမ်ယာစီမံကိန်း၊ လျှပ်စစ်ထုတ်ယူနိုင်မယ့်ကဏ္ဍနဲ့ သယ်ယူပို့ဆောင်ရေးပိုင်းတွေကို ပရိုဂျက်တာနဲ့ ရှင်းလင်းပြပြီး စီးပွားရေးလုပ်ငန်းရှင်တွေကို ဖိတ်ခေါ်ခဲ့ပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နံှမယ့် စီးပွားရေးလုပ်ငန်းရှင်တွေအတွက် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဥပဒေ အသစ်၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု အခြေခံမူဘောင်၊ အခွန်ဆိုင်ရာ အချက်အလက်တွေကိုပါ သက်ဆိုင်ရာ ပညာရှင်တွေက ရှင်းလင်းခဲ့ပါတယ်။
၂၀၁၈ ရန်ကုန်ရင်းနှီးမြှုပ်နှံမှုဖိုရမ် Yangon Investment Forum 2018 ကနေ ရရှိလာမယ့် နိုင်ငံတကာ ရင်းနှီး မြှုပ်နှံမှုတွေ၊ ရန်ကုန်မြို့သစ်စီမံကိန်းဆောက်လုပ်ပြီး ရရှိလာမယ့် အရင်းအနှီးတွေနဲ့ လက်ရှိ ရန်ကုန်တိုင်းဒေသကြီး မြို့တော်ဟောင်းရဲ့ အခြေခံအဆောက်အအုံ လိုအပ်ချက်တွေကို ဖြည့်ဆည်း တည်ဆောက်သွားမယ်လို့သိရပါတယ်။