ရန်ကုန်မြို့တော်ဝန် ကိုဗစ်ကူးစက်ခံရ

2020.12.08
ရန်ကုန်မြို့တော်ဝန် ကိုဗစ်ကူးစက်ခံရ ရန်ကုန်တိုင်း၊ စည်ပင်သာယာရေးဝန်ကြီး မြို့တော်ဝန် ဦးမောင်မောင်စိုးကို ၂၀၂၀၊ မေ ၃၀ ရက်နေ့ကျင်းပတဲ့ COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာ တွေ့ရစဉ်
Photo: Yangon Region Government

ရန်ကုန်တိုင်း၊ စည်ပင်သာယာရေးဝန်ကြီး မြို့တော်ဝန် ဦးမောင်မောင်စိုး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရတယ်လို့ မြို့တော်စည်ပင်သာယာရေး ကော်မတီက ဒီနေ့ညပိုင်းမှာ သတင်းထုတ်ပြန်လိုက်ပါတယ်။

ရန်ကုန်ထဲက ဈေးတချို့မှာ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းဆောင်ရွက်နေပုံတွေကို ကွင်းဆင်းစစ်ဆေးပြီးတဲ့နောက် နေထိုင်မကောင်းတာကြောင့် ဒီကနေ့ ဆေးစစ်ခဲ့ရာမှာ ရောဂါကူးစက်ခံထားရတယ်လို့ တွေ့ရှိတာဖြစ်ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မြို့တော်ဝန်ဦးမောင်မောင်စိုးဟာ လက်ရှိ ရန်ကုန်၊ တောင်ဥက္ကလာပဆေးရုံကြီးမှာ ဆေးကုသမှု ခံယူနေပါတယ်။ ရန်ကုန်တိုင်းအတွင်း ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းဆောင်ရွက်နေပုံတွေကို ထုတ်ပြန်တဲ့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ဒီကနေ့ ည ၈ နာရီကျော် သတင်းမှာ ဦးမောင်မောင်စိုးနဲ့အတူ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ဝန်ကြီး ဒေါ်နီလာကျော်၊ ရန်ကုန်တိုင်း ကျန်းမာရေးမှူး ဒေါက်တာထွန်းမြင့်တို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်နေပုံကို ဖော်ပြထားပါတယ်။

ဒါကြောင့် ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနဲ့ ဝန်ကြီး ဒေါ်နီလာကျော်၊ ရန်ကုန်တိုင်း ကျန်းမာရေးမှူး ဒေါက်တာထွန်းမြင့်တို့လည်း မြို့တော်ဝန်နဲ့ ထိတွေ့ခဲ့တယ်လို့ ယူဆရတာကြောင့် ကျန်းမာရေးဝန်ကြီးဌာနရဲ့ စည်းကမ်းတွေနဲ့ အညီ အသွားအလာ ကန့်သတ်ခံရနိုင်ဖွယ် ရှိပါတယ်။

လက်ရှိအချိန်ထိ မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးတဲ့သူ စုစုပေါင်း ၂၁၅၁ ယောက် ရှိသွားပါပြီ။ ရောဂါကူးစက်ခံရတဲ့သူ စုစုပေါင်း ၁၀၁၇၃၉ ယောက် ရှိသွားပြီဖြစ်ပြီးတော့ ပြန်လည် သက်သာလာတဲ့သူ စုစုပေါင်း ၈၀၇၂၆ ယောက် ရှိပါတယ်။

အတည်ပြုလူနာ အားလုံးရဲ့ ၇၄ ရာခိုင်နှုန်းဟာ ရန်ကုန်တိုင်းက ဖြစ်သလို သေဆုံးသူအားလုံးရဲ့ ၉၂.၇ ရာခိုင်နှုန်းဟာလည်း ရန်ကုန်တိုင်းက ဖြစ်ပါတယ်။

ဒါကြောင့် ရန်ကုန်တိုင်းက ပြည်သူတွေအနေနဲ့ အထူးသတိထားပြီး ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်တွေကို လိုက်နာကြဖို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။