ရန်ကုန် နဲ့ မော်လမြိုင်တို့မှာ သံချပ်အဖွဲ့များ စတင်ဖျော်ဖြေ
2014.04.13

ရန်ကုန်မြို့က တက္ကသိုလ်ကျောင်းသားများ သမဂ္ဂ အဖွဲ့ ဝင်တွေ စုပေါင်းထားတဲ့ ဒေါင်းတို့မျိုးဆက် သံချပ် အဖွဲ့က ရန်ကုန်မြို့ ရန်ကင်းစင်တာရှေ့မှာ ဒီနေ့ မနက် ပိုင်း က သံချပ်ထိုး ဖျော်ဖြေခဲ့ကြပါတယ်။
အဲ့ဒီ ဒေါင်းတို့မျိုးဆက် သံချပ် အဖွဲ့ခေါင်းဆောင် တစ်ဦးဖြစ်သူ ရန်ကုန်စီးပွားရေးတက္ကသိုလ်က ကိုစည်သူမောင်က သူတို့ သံချပ်တွေအကြောင်း အခုလို ပြောပါတယ်။
"ကျနော်တို့ရဲ့ လွတ်လပ်တဲ့ အနုပညာဟန် နဲ့ နိုင်ငံရေးတစ်ရပ်ဖြစ်တဲ့ သံချပ်ဆိုတဲ့ စာသားပေါ့ဗျာနော် ဒီစာသားတွေကို ကျနော်တို့ လွတ်လပ်စွာနဲ့ပဲ ကျနော်တို့ ရေးဖွဲ့ထားတယ်၊ ကျနော်တို့ သံချပ်စာသားတွေဟာ ဆင်ဆာမရတာတို့ လုံးဝမရှိပဲနဲ့ အဓိက သံချပ်စာသားထဲမှာက ကျနော်တို့က တက္ကသိုလ်ကျောင်းသား သမဂ္ဂတွေ ဖြစ်တဲ့အတွက်ကြောင့် ပညာရေးပြုပြင်ပြောင်းလဲရေးပေါ့ အခု အမျိုးသား ပညာရေးဥပဒေကို လွတ်တော်မှာဆွေးနွေးနေတဲ့ အခြေအနေတွေ နိုင်ငံရဲ့အပြောင်းအလဲမှာ လိုအပ်နေတဲ့ ဟာကွက်တွေ ကျနော်တို့အားလုံး ထောက်ပြထားတဲ့ သံချပ်စာသားတွေနဲ့ ကျနော်တို့တွေ နဲ့ ပြင်ဖတ်တယ်ပေါ့နော် တခန်းရပ်ပြဇတ်တွေလည်းပါတယ်"
သူတို့် သံချပ် အဖွဲ့ဟာ ဒီနေ့ ညနေပိုင်းမှာ သင်္ဃန်းကျွန်းမြို့နယ်၊ သာကေတမြို့နယ် နဲ့ ဗိုလ်တထောင်မြိ့နယ် ၄၆ လမ်းမှာ ဖျော်ဖြေကြမှာ ဖြစ်ပါတယ်။
အလားတူပဲ မွန်ပြည်နယ် မော်လမြိုင်မြို့မှာ "မြင်တာကို တည့်တည့်ပြောမယ်" ဆိုတဲ့ အမည်နဲ့ ၁၉၈၈ ခုနှစ်နောက် ပိုင်း ပထမဆုံး လူငယ်သံချပ်အဖွဲ့ ဒီနေ့ စတင်ဖျော်ဖြေမယ်လို့ သိရပါတယ်။
လူငယ်အတော်များများနဲ့ စုဖွဲ့ထားတဲ့အဖွဲ့ရဲ့ သြင်္ကန်သံချပ်တွေမှာ ပြည်တွင်းငြိမ်းချမ်းရေး၊ တရားဥပဒေစိုးမိုးရေး နဲ့ ပြည်သူတွေခံစားနေရတဲ့ စီးပွားရေး လူမှုရေးကိစ္စတွေကို အဓိကထား စပ်ဆိုတင်ပြထားတယ်လို့ မြင်တာကို တည့်တည့်ပြောမယ် သံချပ်အဖွဲ့ခေါင်းဆောင် ကိုကြည်ဇော်လွင်က အာအက်ဖ်အေကို အခုလို ပြောပါတယ်။
"ဒီနှစ်မှ စလုပ်တာဖြစ်ပါတယ်၊အဓိကတော့ ကျနော်တို့ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ တရားဥပဒေစိုး မိုးရေးပေါ့နော် ကြားထဲမှာတော့ ကျနော်တို့ ပြည်သူတွေ ခံစားနေရတဲ့ ဒီကုန်ဈေးနှှုံး ကိစ္စတွေ၊မီတာခ ကိစ္စတွေပေါ့နော် အဲ့ဒါလေးတွေတော့ ထည့်ထားတယ်၊လွှတ်တော်ကို ကျနော်တို့အ ကြံပြုထားတာလည်း ပါတယ်"
အဲဒီ သံချပ်အဖွဲ့ဟာ သြင်္ကန်အကြိုနေ့ကနေ နှစ်ဆန်းတစ်ရက်နေ့ အထိ ငါးရက်ဆက်တိုက် မော်လမြိုင်မြို့က မဏ္ဍပ်တွေမှာ လိုက်လံ ဖျော်ဖြေမှာ ဖြစ်ပါတယ်။