စည်ပင်ဌာနက ပြန်သိမ်းတဲ့ အငှားယာဉ် စပေါ်ငွေ ပြန်မအမ်းပေးသေး
2012.05.08

ဒီကိစ္စနဲ့ ပတ်သက်လို့ စပေါ်တင်ပြီး ငှားထားတဲ့ကားတွေ အသိမ်းခံလိုက်ရတဲ့ အမျိုးသမီးတဦးက အခုလိုပြောပါတယ်။
" စည်ပင် တက္ကစီလေ၊ အဲဒီတက္ကစီတွေကို ကျွန်မတို့ကို ဒီနေ့ထက်ထိ စပေါ် ၁၀ သိန်းလည်း မအမ်းဘူး။ ကိုယ့်စရိတ်နဲ့ကို ပြင်ဆင်ထားတဲ့ စီအင်န်ဂျီဖိုးတွေလည်း မအမ်းသေးဘဲနဲ့ ကျွန်မတို့ကားတွေကို နံပတ်အနက်ပြောင်းပြီး နောက်လူပေးလိုက်တယ်"
အခုပြောတဲ့ အမျိုးသမီး အပါအဝင် စုစုပေါင်း လူ ၃၀ ကျော်က ကားတစီးကို စပေါ် ၁၀ သိန်းနဲ့ စည်ပင်သာယာဌာနကနေ ငှားပြီး မိသားစု စားဝတ်နေရေးအတွက် လုပ်ကိုင်နေကြတာပါ။
အခုလို ကားပြန်သိမ်းပြီး စပေါ်ငွေပြန်မအမ်းတဲ့ ကိစ္စနဲ့ပတ်သက်လို့ ကားငှားထားသူတွေဘက်က လိုက်ပါဆောင်ရွက်ပေးနေတဲ့ ဗိုလ်မှူးဟောင်း မိုးအောင်ကျော်ကလည်း သူနောက်ဆုံးသိရှိထားတဲ့ အခြေအနေကို အခုလို ပြောပါတယ်။
" မြို့တော်စည်ပင်ကို ကျွန်တော်ကိုယ်တိုင်သွားပြီးတော့ နယ်စပ်ဌာနမှူးဆီမှာရော မြို့တော်စည်ပင်သာယာရေး ကော်မတီဝင် (၃) ဆီမှာရော ကျွန်တော်သွားစုံစမ်းတဲ့ အခါကျတော့ သူတို့အကြောင်းပြန်တာကတော့ဗျာ၊ မြို့တော်ဝန်ကြီးရဲ့ အမိန့်အရ လုပ်တာလို့ ပြောပါတာပေါ့နော်။ အဲတာ အခုသိမ်းထားတာ တလကျော်သွားပြီဗျာ။ အဲဒီကားတွေကို နောက်လူကို ပေးလိုက်တယ်။ နောက်လူတွေလို့ ဆိုတဲ့နေရာမှာ ကျွန်တော်တို့ သုံးမျိုး သွားတွေ့တယ်ခင်ဗျ။ တမျိုးကကျတော့ လက်ရှိ စည်ပင်သာယာကို တခြားဌာနက ပြောင်းလာတဲ့ ဥပမာဗျာ၊ တပ်ကနေ ပြောင်းလာတဲ့ ဗိုလ်မှူးတယောက်၊ မြို့တော် စီးတီး အက်ဖ်အမ်ကို ရောက်တယ်ဆိုပါတော့ဗျာ၊ အဲဒီ ဗိုလ်မှူးမှာ ကားမရှိတဲ့ အတွက် ပြန်အပ်တဲ့ကားထဲက ကားတစ်စီးကို ဗိုလ်မှူးကို ပေးထားတယ်၊ နောက်တမျိုးကျတော့ ကြံ့ခိုင်ရေးပါတီကို ငှားထားတယ်ဗျ။ နောက်တပိုင်းကျတော့ တချို့ကားတွေ အခုထက်ထိ ဘယ်ကိုမှလည်း မငှားသေးဘူး။ အဲဒီဝင်းထဲမှာပဲ ရပ်ထားတာ ၄-၅-၁၀ စီး ရှိတယ်"
ဒီဖြစ်ရပ်နဲ့ ပတ်သက်လို့ ကားပြန်သိမ်းခံရသူတွေထဲက လူတချို့ကိုမေးကြည့်တဲ့အခါ သူတို့လည်း ဘာကြောင့် ကားပြန်သိမ်းလဲဆိုတာ မသိရသလို၊ စပေါ်တွေဘယ်လို ပြန်ရမလဲဆိုတာ သက်ဆိုင်ရာက ရှင်းရှင်းလင်းလင်း မပြောဘူးလို့ ဆိုပါတယ်။ ပြန်သိမ်းခံရတဲ့ကား စုစုပေါင်း ၃၂ စီး ရှိတယ်လို့ သိရပါတယ်။