ရန်ကုန်တိုင်းမှာ အစိမ်းရောင် လွှမ်းရမယ်လို့ ပြော


2015.10.10
usdp-candidates-umyanyein-620.jpg ရန်ကုန်တိုင်း သင်္ဃန်းကျွန်းမြို့နယ်က သုဝဏ္ဏမြို့ရိုးစေတီမှာ အောက်တိုဘာ ၁၀ ရက်နေ့က ကျင်းပတဲ့ ပြည်ခိုင်ဖြိုးပါတီရဲ့ မဲဆွယ်စည်းရုံးတဲ့ပွဲမှာ ပြည်ခိုင်ဖြိုး ပါတီ ဗဟိုအလုပ်အမှုဆောင် ဦးမြငြိမ်းကို တွေ့ရစဉ်
Photo: Htet Arker/ RFA

ရန်ကုန်တိုင်းမှာ အနီမလွှမ်းပဲအစိမ်းတွေပဲ လွှမ်းရမယ်၊ အစိမ်းဆိုတာ တိုင်းပြည်ဖွံ့ဖြိုးတာကို ကိုယ်စားပြုပြီး အနီရောင်က အာဇာနည်ဗိမာန် ဗုံးခွဲတာ လို့ ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် ဦးမြငြိမ်းက မဲဆွယ်ပွဲ မှာ ပြောလိုက်ပါတယ်။

ဒီကနေ့ ရန်ကုန်တိုင်း သင်္ဃန်းကျွန်းမြို့နယ်က သုဝဏ္ဏမြို့ရိုးစေတီမှာ ကျင်းပတဲ့ ပြည်ခိုင်ဖြိုးပါတီရဲ့ မဲဆွယ်စည်းရုံး တဲ့ပွဲမှာ ဦးမြငြိမ်းက ပြောလိုက်တာဖြစ်ပါတယ်။

"ရန်ကုန်တိုင်းတွက် အနီမလွှမ်းဘူး၊ အစိမ်းတွေပဲလွှမ်းရမယ်၊ အစိမ်းဆိုတဲ့ သဘာဝသတ္တိကဘာလဲ၊ နိုင်ငံတော် ဖွံ့ဖြိုးတယ်၊ သာယာတယ်၊ အနီဆိုတာ အာဇာနည် ဗုံးခွဲတာကိုသွားကြည့်၊ ၉ ရက် ၁ လ ၈၃၊ အာဇာနည်ဗုံးခွဲတာ ဇင်ဘိုတို့လက်ချက်ပါ ဆိုပြီးကွဲသွားတယ်၊ ဘာတွေဖြစ်သွားလဲ၊ အဲ့တော့ ဒီနေ့ အစိမ်းတွေကြည့်၊ အင်မတန်အား ရှိစရာကောင်းပါတယ်"

ဦးမြငြိမ်းဟာ လက်ရှိအမျိုးသားလွှတ်တော်ဒုတိယဥက္ကဌ ဖြစ်ပြီး ဒီကနေ့ ဟောပြောပွဲကို ပြည်ခိုင်ဖြိုးပါတီ ဗဟို အလုပ်အမှုဆောင်တစ်ဦးအဖြစ် လာရောက်ဟောပြောတာဖြစ်ကြောင်း ပြောပါတယ်။ ဦးမြငြိမ်းဟာ ခရမ်း၊ သုံးခွ နဲ့ ကျောက်တန်းမြို့နယ်တွေက အမျိုးသားလွှတ်တော်အတွက် ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။

လက်ရှိအစိုးရဟာ ၄ နှစ်ခွဲအစိုးရသက်တမ်းသာ ရှိသေးကြောင်း ဆက်လက် ရှင်သန်အောင် ပံ့ပိုးပေးကြဖို့နဲ့ လေး နှစ်ခွဲသာ သက်တမ်းရှိတဲ့ အစိုးရ ကို ခြေထောက်ရိုက်မချိုးကြဖို့လိုအပ်ကြောင်း ပြောပါတယ်။

ဒီကနေ့ အထိ ဧည့်စာရင်းတိုင်ရတယ်ဆိုတာဟာ ကျေးရွာတွေမှာ ဓါးပြတွေရဲ့ရန်ကို ကာကွယ်ဖို့ အတွက်ဖြစ်ကြောင်းနဲ့ ဧည့်စာရင်းဟာ စစ်အစိုးရကရေးဆွဲ ခဲ့တာမဟုတ်ကြောင်း အင်္ဂလိပ်လက်ထက်ကတည်းက ရပ်ရွာတွေ လုံခြုံရေးအတွက် ပြဌာန်းခဲ့တာဖြစ်ကြောင်း၊ ဧည့်စာရင်း တိုင်တယ်ဆိုတာ အမေရိကားမှာ မရှိဘူး ဥရောပမှာမရှိဘူးဆိုပြီး ပြောဆိုနေသူတွေ အဲဒီတိုင်းပြည်တွေမှာ သွားနေကြဖို့ပြောချင်ကြောင်း ဦးမြငြိမ်း က ပြောပါတယ်။

ဒီကနေ့ ဟောပြောပွဲကို ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေလည်း တက်ရောက်ဟောပြောခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။