အစိုးရပိုင် ကျွန်းသစ် တန် ၁၀၀၀ ကျော်ကို အိတ်ဖွင့်တင်ဒါစနစ်နဲ့ ရောင်းမည်


2017.04.06
hantun-620.jpg စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် စွမ်းအင်ဝန်ကြီး ဦးဟံထွန်း ကို ဧပြီလ ၆ ရက်နေ့ကကျင်းပတဲ့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် အစည်းအဝေးမှာ တွေ့ရစဉ်
Photo: Kaung Htet Kyaw/RFA

ရန်ကုန်မြို့ ၊ မင်္ဂလာတောင်ညွန့်မြို့နယ် စက်ဆန်းရပ်ကွက် အထက်ပုဇွန်တောင်လမ်းဘေး မြေကွပ်လပ်မှာရှိတဲ့ အစိုးရပိုင် ကျွန်းသစ်လုံး တန်ချိန် ၁၀၀၀ ကျော်ကို အိတ်ဖွင့်တင်ဒါစနစ်နဲ့ ရောင်းချဖို့ စီစဉ်ထားတယ်လို့ ရန်ကုန် တိုင်း စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနဲ့ စွမ်းအင်ဝန်ကြီး ဦးဟံထွန်းက ပြောပါတယ်။

ဒီကနေ့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် အစည်းအဝေးမှာ လွှတ်တေ်ာကိုယ်စားလှယ် ဦးရန်အောင် မေးမြန်းခဲ့တဲ့ မင်္ဂလာတောင်ညွန့်မြို့နယ်မှာ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းက စုပုံထားခဲ့တဲ့ သစ်လုံးတွေနဲ့ပတ်သက်ပြီး အစိုးရအနေနဲ့ မည်သို့ဆောင်ရွက်မလဲဆိုတဲ့ မေးခွန်းကို ပြန်လည်ဖြေကြားရာမှာ ဝန်ကြီးက အခုလိုထည့်သွင်း ပြောကြားတာ ဖြစ်ပါတယ်။

မင်္ဂလာတောင်ညွန့်မြို့နယ်၊ စက်ဆန်းရပ်ကွက်၊ အထက်ပုဇွန်တောင်လမ်းဘေးက မြေကွက်လပ်မှာ စုပုံထားတဲ့ ကျွန်းသစ်လုံးစုစုပေါင်း တန်ချိန် သုံးထောင်ကျော်ရှိကြောင်းနဲ့ အဲဒီအထဲက ကျွန်းသစ်လုံး တန်ချိန် ၂၀၀၀ နီးပါးကို ပုဂ္ဂလိကကုမ္ပဏီတွေကို ရောင်းချပြီးဖြစ်တယ်လို့ ပြောပါတယ်။

အဲဒီလို ရောင်းချထားတဲ့ သစ်ဖိုးငွေတွေကိုလည်း ရရှိထားပြီးဖြစ်သလို သယ်ယူခွင့်လည်း ပေးထားပြီးဖြစ်ကြောင်းနဲ့ တချို့သောသစ်များကို ကုမ္ပဏီဘက်က လာရောက် မသယ်ယူသေးတာသာ ဖြစ်ကြောင်းလည်း ဝန်ကြီး ဦးဟံထွန်း က ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။