ရန်ကုန်တိုင်းလွှတ်တော် စက်တင်ဘာ ၂၉ ရက်နေ့ ကျင်းပမည်
2016.09.13

Photo: Aung Thain Kha/RFA
ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကို လာမယ့် စက်တင်ဘာလ ၂၉ ရက်နေ့မှာ ပြန်လည်ကျင်းပမယ်လို့ လွှတ်တော်ကိုယ်စားလှယ်တွေက ပြောပါတယ်။
လွှတ်တော်နားထားတာ ၃ လ ခွဲကျော် ကြာနေပြီလို့ ကျောက်တံတားမြို့နယ်က တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဒေါ်ကြည်ပြာက ပြောပါတယ်။
"စမှာကတော့ ၂၉ ရက် စက်တင်ဘာမှာ စ ပါမယ်။ ၃ လခွဲကြီးတောင် ပိတ်လိုက်ရတာတော့လေ ကျမ ပထမ ကြားတာပေါ့လေ ဘက်ဂျက်ကြောင့်လို့လည်း ပြောပါတယ်။ ပြီးတော့ ရန်ကုန်တိုင်းဝန်ကြီးမရှိလို့ လည်း ဆိုတာ မျိးလည်းကြားတယ်ရှင့်။ ဒါပေမဲ့ ဒါတွေက ခိုင်မာတဲ့အကြောင်းတွေတော့ မဟုတ် ဘူးပေါ့နော် ကျမတို့က လွှတ်တော်ကိုယ်စားလှယ်တွေက အစောကြီးကထဲက ၂ လလောက်ပဲပိတ်ပါ ဆိုပြီးတော့ request လုပ်ထားတာပါ။ သြဂုတ်လအတွင်းမှာပဲ ပြန်စပေးမလိုလိုနဲ့ အဲ့လိုရွှေ့ရင်းရွှေ့ရင်း နဲ့ စက်တင်ဘာလကုန် ဖြစ်သွားလို့ပေါ့နော်"
လွှတ်တော်ကိုယ်စားလှယ်တွေကို လွှတ်တော်ကျင်းပမယ့်ရက်မတိုင်မီ လွှတ်တော်ဥက္ကဌက ၂၁ ရက် ကြိုတင် အကြောင်းကြားရတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့လွှတ်တော်အစည်းအဝေးကို ၈ ရက်သာကျင်းပခဲ့ပြီး အစည်းအဝေးကျင်းပတဲ့ ရက်နည်းခဲ့တဲ့အတွက် လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ မေးခွန်းတွေ၊ အဆိုတွေ ကျန်ရှိနေတယ်လို့လည်း လွှတ်တော်ကိုယ်စားလှယ်တွေ က ပြောပါတယ်။
လွှတ်တော်တစ်ကြိမ်နဲ့ တစ်ကြိမ် ယာယီရပ်နားတဲ့ကြားကာလကို ၂ လ သာသတ်မှတ်ပေးဖို့ လွှတ်တော် ကိုယ်စားလှယ်တွေက တောင်းဆိုထားပါတယ်။
လာမယ့် စက်တင်ဘာလ ၂၉ရက်နေ့မှာ ပြန်လည်ကျင်းပမယ့် ရန်ကုန်တိုင်း လွှတ်တော်အစည်းအဝေးဟာ အစိုးရသစ်တက်လာပြီးနောက် တတိယအကြိမ် ကျင်းပတာဖြစ်ပါတယ်။