ရန်ကုန် လုံခြုံရေးအတွက် အမြဲသတိရှိဖို့ စစ်ကောင်စီ ဥက္ကဋ္ဌ ပြော
2024.06.11

ရန်ကုန်တိုင်းအတွင်း တိုက်ခိုက်မှုတွေလုပ်ဖို့ ကြံစည်နေတာရှိတဲ့အတွက် လုံခြုံရေး သတိအမြဲ မပြတ်ရှိဖို့ စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဇွန်လ ၁၀ ရက်မှာ ပြောဆိုခဲ့ပါတယ်။
မနေ့က ပြုလုပ်တဲ့ ရန်ကုန်တိုင်း တည်ငြိမ်အေးချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး အစည်းအဝေးမှာ အခုလို ပြောဆိုခဲ့တာပါ။
ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) တာဝန်ရှိသူတစ်ဦးကတော့ ရန်ကုန်က စစ်ရေးပစ်မှတ်တွေကို ဆက်လက်တိုက်ခိုက်သွားမယ်လို့ RFA ကို ပြောပါတယ်။
“သူတို့လည်း သူတို့ လုပ်နိုင်မယ်ထင်တာ လုပ်မှာပဲ။ ကိုယ်တွေလည်း ကိုယ်တွေ လုပ်နိုင်မယ်ထင်တာ အစွမ်းကုန် လုပ်နေဦးမှာပါ”
ပြီးခဲ့တဲ့ မတ်လနဲ့ ဧပြီလအတွင်း ရန်ကုန်တိုင်း၊ မင်္ဂလာဒုံ၊ အင်းစိန်၊ တွံတေးနဲ့ ကွန်းခြံကုန်းမြို့နယ်တွေက စစ်တပ်အထိုင်ချထားတဲ့ နေရာတွေနဲ့ လုံခြုံရေးဂိတ်တွေ ဗုံးခွဲတိုက်ခိုက်ခံခဲ့ရပါတယ်။
နိုင်ငံလူဦးရေ တစ်ဝက်ခန့်ဟာ လုံခြုံရေးနဲ့ပတ်သက်လို့ အားနည်းချက်တွေရှိနေဆဲဖြစ်ပြီး ရာဇဝတ်မှုတွေဖြစ်ပေါ်နေဆဲဖြစ်တယ်လို့ စစ်ကောင်စီ ဥက္ကဋ္ဌက ဇွန်လ ၁၀ရက်မှာ ပြောပါတယ်။
အာဏာသိမ်းပြီးနောက် ရန်ကုန်တိုင်းထဲက မြို့နယ်တွေမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ သက်ဆိုင်ရာရုံးဌာနတွေကို ပစ်မှတ်ထားတဲ့ တိုက်ခိုက်မှုတွေ မကြာခဏဖြစ်ပွားနေပြီး စစ်ကောင်စီတပ်ကလည်း လုံခြုံရေးပိုမိုတင်းကျပ်ထားတယ်လို့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။