ရန်ကုန်သြင်္ကန် ထိခိုက်မှု များကြောင့် ၄ ဦးသေဆုံး၊ ၅ဝဝ နီးပါး ဒဏ်ရာရ


2016.04.15
yangon-hospital-620.jpg ရန်ကုန်ဆေးရုံကြီးကို တွေ့ရစဉ်
Photo: Zarni Htun/RFA

ဒီနှစ်သြင်္ကန်အကြိုနေ့ကနေ ပထမအကြတ်နေ့အထိ ရန်ကုန်ဆေးရုံကြီးကို ထိခိုက်ဒဏ်ရာတွေကြောင့် ရောက်ရှိ လာတဲ့ လူနာပေါင်း ၅ဝဝ နီးပါးလောက်ရှိတယ်လို့ ရန်ကုန်ဆေးရုံအုပ်ကြီးက ပြောပါတယ်။

ရောက်ရှိလာတဲ့ လူနာအများစုဟာ ယာဉ်မတော်တဆမှုတွေနဲ့ ထိခိုက်ဒဏ်ရာရရှိတာတွေက အများဆုံးဖြစ်တယ်လို့ ရန်ကုန်ဆေးရုံအုပ်ကြီး ဒေါက်တာအေးကိုကို က ပြောပါတယ်။

"ရောက်ရှိလာတဲ့လူနာတွေက ယာဉ်နဲ့တိုက်မှုတွေကြောင့်ရှိမယ်၊ အချင်းချင်း ခိုက်ရန်ဖြစ်ပွား တာတွေကြောင့်ဖြစ်မယ်၊ တခြား မတော်တဆထိခိုက်ဒဏ်ရာရတာတွေရှိမယ်၊ အဲ့ဒါနဲ့ပတ်သက် ပြီးတော့ ရောက်ရှိလာတာတွေ များပါတယ်ခင်ဗျ၊ အရက်သေစာ သောက်စားမှုတော့ ရှိပါတယ်၊ မူးယစ်ဆေးဝါးနဲ့ပတ်သက်ပြီး သုံးစွဲထားခြင်း ရှိ မရှိကတော့ ကျနော်တို့ သေချာစစ်ဆေးပြီးမှ ပြောလို့ ရနိုင်ပါမယ်ဖြစ်ပါတယ်ခင်ဗျ"

သြင်္ကန်အကြိုနေ့မှာ  ၁၅၈ ဦး၊ အကျနေ့မှာ ၁၅၄ ဦး၊ ပထမအကြတ်နေ့မှာ ၁၇၄ ဦး ရန်ကုန်ဆေးရုံကြီးကို ရောက်ရှိ လာတာဖြစ်ပြီး အကြိုနေ့မှာ ၁ ဦး ၊ ပထမအကြတ်နေ့မှာ ၃ ဦးတို့ဟာ ထိခိုက်ဒဏ်ရာတွေနဲ့ သေဆုံးပြီးမှ ရောက်ရှိ လာတယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ သြင်္ကန်ကာလထက်စာရင် ကျန်းမာရေးဝန်ထမ်းတွေကို ၂ ဆတိုးချဲ့ထားပြီး သွေးလိုအပ်ချက်အတွက် အမျိုးသားသွေးဌာနနဲ့လည်း ချိတ်ဆက်ထားတယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ၂ဝ၁၅ ခုနှစ် သြင်္ကန်ကာလတုန်းက ရန်ကုန်ဆေးရုံကြီးကို ထိခိုက်ဒဏ်ရာရရှိမှုကြောင့် ရောက် ရှိလာသူ ၉ဝဝ ကျော် ရှိခဲ့ပါတယ်။

ရန်ကုန်ဆေးရုံအုပ်ကြီး ဒေါက်တာအေးကိုကို ကို RFA သတင်းထောက် မဇာဏီထွဏ်းက တွေ့ဆုံမေးမြန်း ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။