ရသေ့တောင် တိုက်ပွဲပြင်းထန်၊ ဒေသခံ တစ်ထောင်ကျော် ထွက်ပြေးနေရ
2020.10.13

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် မြောက်ပိုင်း အောင်သာစည်တောင်တန်းတဝိုက်မှာ ရက္ခိုင့်တပ်တော် AA နဲ့ တပ်မတော်တို့ ဒီနေ့မနက်ကစပြီး တကျော့ပြန်တိုက်ပွဲ ပြင်းထန်နေလို့ ဒေသခံ တစ်ထောင်ကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြပါတယ်။
ရသေ့တောင်မြို့နယ် အောက်ကျောင်းတောင်၊ အောင်စည်ကုန်း၊ စဖိုကျွန်း၊ ကံပြင်၊ ပြင်ဝန်း စတဲ့ကျေးရွာတွေက လူပေါင်းတစ်ထောင်ကျော်ဟာ စေတီပြင်ကျေးရွာကို ဒီနေ့ ထွက်ပြေးလာကြတယ်လို့ အကူအညီပေးနေတဲ့ ရွာသားတွေကပြောပါတယ်။
အောင်သာစည်ရွာဘက်မှာ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် AA တို့ တိုက်ပွဲပြင်းထန်နေပြီး လက်နက်ကြီးတွေနဲ့ အဆက်မပြတ်ပစ်သံတွေကို နေ့စဉ်လိုလိုကြားနေရတာကြောင့် ကြောက်လန့်ပြီး ထွက်ပြေးလာကြတာလို့ ဆိုပါတယ်။
လက်ရှိမှာ သူတို့ဟာ စေတီပြင်ကျေးရွာက နီးစပ်ရာ ဆွေမျိုးအိမ်တွေနဲ့ ဘုရားဓမ္မာရုံတွေမှာ ခိုလှုံနေကြရပါတယ်။
စေတီပြင်ကျေးရွာမှာ အနီးအနားကျေးရွာတွေက ထွက်ပြေးခိုလှုံနေတဲ့ စစ်ဘေးဒုက္ခသည်ဟာ ဒီနေ့ညနေအထိ လူဦးရေ လေးထောင်ခန့်ရှိနေပြီး ထွက်ပြေးခိုလှုံလာသူတွေ တစတစများလာတာကြောင့် ရေရှည်မှာ စားနပ်ရိက္ခာ အခက်အခဲတွေကြုံလာမှာကို စိုးရိမ်နေရကြောင်း စေတီပြင်ကျေးရွာက ဒုက္ခသည်အရေးကူညီပေးနေသူတွေက ပြောပါတယ်။
တပ်မတော်က မနက် ၉ နာရီလောက်မှာ တိုက်ခိုက်ရေးလေယာဉ် သုံးစီး၊ ၁၁ နာရီလောက်မှာ နှစ်စီး၊ ညနေ ၃ နာရီခွဲလောက်မှာ သုံးစီး တောင်တန်းတဝိုက် လာရောက်ဗုံးကြဲတိုက်ခိုက်တာကို လှမ်းမြင်ရတယ်လို့ ဒေသခံ မျက်မြင်တွေက RFA ကိုပြောပါတယ်။
အလားတူ မြို့ပေါ်တပ်ရင်းတွေနဲ့ ရေစိုးချောင်း၊ ထီးစွဲ၊ ဆောက်ခတ် စတဲ့ကျေးရွာတွေမှာ အခြေပြုထားတဲ့ တပ်စခန်းတွေကပါ အမြောက်ကြီးတွေနဲ့ ဆက်တိုက် ပစ်ခတ်နေတယ်လို့လည်း ဆိုကြပါတယ်။ AA ပြောခွင့်ရှိသူ ဦးခိုင်သုခကလည်း တပ်မတော် ကြည်း၊ ရေ၊ လေ အင်အား အလုံးအရင်းနဲ့ ထိုးစစ်ဆင်နေတယ်လို့ ပြောပါတယ်။
ရသေ့တောင်မြို့နယ်က အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လတ်က ဒီနေ့တိုက်ပွဲဟာ တပ်မတော်က ကြည်း၊ ရေ၊ လေ ဘက်ပေါင်းစုံက အလုံးအရင်းနဲ့တိုက်ခိုက်နေတာဖြစ်လို့ ဒီနေရာတဝိုက် ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေထဲမှာ အပြင်းထန်ဆုံးလို့ ဆိုနိုင်ကြောင်း ပြောပါတယ်။
တပ်မတော်က ဒီနေ့မနက်က ဗုံးကြဲတိုက်ခိုက်ချိန်မှာ အောင်သာစည်ရွာထဲကို လက်နက်ကြီးတွေကျရောက်လို့ ရွာထဲက မီးခိုးလုံးကြီးတွေ ထွက်ပေါ်နေတာကို အဝေးကနေလှမ်းမြင်နေရပြီး ရွာမှာ လူမရှိတော့တာကြောင့် ပျက်စီးသွားတဲ့ နေအိမ် အရေအတွက်ကို မသိရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
အောင်သာစည်ကျေးရွာဘက် တောင်ကုန်း၊ တောင်တန်းတွေမှာ ရက္ခိုင့်တပ်တော် AA နဲ့ တပ်မတော်တို့အကြား ပြီးခဲ့တဲ့ အောက်တိုဘာလ ၁ ရက်လောက်ကနေစပြီး တိုက်ပွဲဖြစ်နေတာပါ။
အဲဒီနေရာဘက်မှာ အေအေ အဖွဲ့က အခိုင်အမာနေရာယူထားတဲ့ စိုးမိုးတောင်ကုန်းတွေ ကို အောက်တိုဘာလ ၄ ရက်နေ့ မနက် ၂ နာရီလောက်မှာ တပ်မတော်က သိမ်းပိုက်လိုက်နိုင်တယ်လို့ တပ်မတော် သတင်းမှန် ပြန်ကြားရေး အဖွဲ့က အဲဒီနေ့ညမှာထုတ်ပြန်ခဲ့ပြီး ရက္ခိုင့်တပ်တော် AA ကလည်း သူတို့လက်လွှတ်ခဲ့ရတဲ့ တောင်ကုန်းတွေကို အချိန် ၂၄ နာရီအတွင်း ပြန်လည်သိမ်းပိုက်နိုင်ခဲ့တယ်လို့ အောက်တိုဘာလ ၅ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။
ဒီနေ့ ဖြစ်ပွားတဲ့ တိုက်ပွဲအခြေအနေနဲ့ပတ်သက်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်ဇော်မင်းထွန်းထံ RFA က ဆက်သွယ်နေဆဲဖြစ်ပါတယ်။