ရသေ့တောင်တိုက်ပွဲကြောင့် အရပ်သားနှစ်ဦး သေဆုံး၊ သုံးဦးဒဏ်ရာရ


2020.07.14

ရခိုင်ပြည်နယ်မြောက်ပိုင်း ရသေ့တောင်မြို့နယ် အငူမော်-မော်တော်ကားလမ်းပေါ်မှာရှိတဲ့ ချိန်ခါလီရွာနဲ့ ကိုးတန်ကောက်ရွာကြားမှာ ဇူလိုင် ၁၂ ရက်နဲ့ ၁၃ ရက်နေ့မှာဖြစ်ပွားခဲ့တဲ့ တပ်မတော်နဲ့ ရခိုင့်တပ်တော် AA တို့ရဲ့ တိုက်ပွဲ ကြောင့် ချိန်ခါလီရွာသားနှစ်ယောက် လက်နက်ကြီးထိမှန် သေဆုံးခဲ့ပြီး သုံးဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက RFA ကိုပြောပါတယ်။

ဇူလိုင်လ ၁၂ ရက်နေ့ညနေပိုင်း တပ်မတော်စစ်ကြောင်းက ချိန်ခါလီရွာထဲကို ဝင်လာတဲ့အတွက် ရွာသားတွေဟာ ရွာလယ်မှာပဲ စုပြီးညအိပ်ခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဇူလိုင်လ ၁၃ ရက်နေ့ မနက်ပိုင်းမှတော့ ရွာထဲအထိ လက်နက်ကြီးကျည်တွေ ကျရောက်ပေါက်ကွဲခဲ့တာလို့ ချိန်ခါလီရွာသား ကိုမောင်ပြားက RFA ကို ဒီကနေ့ ပြောပါတယ်။

"စစ်တပ်က ညပိုင်းဝင်လာပါတယ်၊ ဝင်လာတော့ သေနတ်ကြီးတွေပစ်ပြီး ဝင်လာပါတယ်၊ ရွာသားတွေက ကြောက်ပီးတော့ ရွာလယ်ကို မိသားစု စုကြတာပေါ့၊ အဲမှာအိပ်ကြတယ်၊ မနက်မိုးလင်းတာနဲ့ ပထမပိုင်း လက်နက်ကြီးသံတစ်လုံးကြားတယ်၊ ဒုတိယပိုင်းမှာတော့ လက်နက်ကြီးအသံ နှစ်လုံးကြားတယ်၊ နောက်ပိုင်း မှာတော့ လက်နက်ကြီးသံရော လက်နက်ငယ်သံရော ဆူညံသွားတာပဲ၊ ဘယ်လိုဘယ်လိုမှန်းကို ကျွန်တော်တို့ မသိတော့ဘူး၊ အကုန်လုံးရွာသားတွေထွက်ပြီးတော့ ပြေးကြတာပေါ့၊ ပြေးကြတော့ ရွာမှာ အသက်ကြီးတွေ အဘိုးကြီးတွေ ကျန်နေတာပေါ့၊ အဲတာကိုဘယ်သူမှသွားမကြည့်ရဲဘူး၊ သေတဲ့သူတွေလည်းရှိတယ်လို့ ကျွန်တော်တို့ပြောသံကြားတယ်။"

အသက် ၆၀ ကျော်ခန့် ဦးထွန်းမောင်စိန်နဲ့ အသက် ၅၀ ကျော်အရွယ် အမျိုးသမီးသေဆုံးပြီး ချိန်ခါလီရွာသား ဦးမောင်လုံးရဲ့ဇနီးဖြစ်သူ အသက် ၃၅ နှစ်ခန့် အမျိုးသမီးနဲ့ အသက် ၅ နှစ်အရွယ် သားနဲ့သမီး ကလေးနှစ်ယောက် ဒဏ်ရာရခဲ့တယ်လို့ ကိုမောင်ပြားက ဆိုပါတယ်။

ရွာနှစ်ရွာစလုံးမှာ အသက် ၆၀ အထက် သက်ကြီးရွယ်အို အနည်းဆုံး ဆယ်ယောက်စီလောက် ကျန်ခဲ့တယ်လို့လည်း ဆိုပါတယ်။

ကိုးတန်းကောက်ရွာသားတွေလည်း ရွာလုံးကျွတ် ထွက်ပြေးနေရတယ်လို့ ဒေသခံရွာသား ကိုချစ်ကိုကိုက RFA ကိုပြောပါတယ်။

"တိုက်ပွဲဖြစ်ဖြစ်ချင်း ကျွန်တော်တို့ တောင်ပေါ်ကို တက်ပြေးလာတာခင်ဗျ၊ ရွာသားတွေတော့ ချိန်ခါလီမှာ အသက်ခြောက်ဆယ်နဲ့ ခုနှစ်နှစ်လောက်ရှိတဲ့ အဘိုးအရွယ်တစ်ဦး နောက်ပြီး မိန်းမကြီးတစ်ဦး သေဆုံး တယ်တဲ့၊ ကျွန်တော်တို့ ကိုးတန်ကောက်ကနေ တောင်ကျော်လာရင် နော်ဝေတို့ ဇီးကုန်းတန်းတို့ရှိတယ်၊ ကျွန်တော်တို့ရွာကသူတွေဆို အကုန်နော်ဝေတို့ ဇီကုန်းတန်းတို့ ရောက်နေပြီ အကုန်တောင်ကျော်လာ ပြီးလာတာ၊ ရွာလုံးကျွတ်ပဲ ရွာမှာတစ်ယောက်မှမရှိတော့ဘူး စစ်သားတွေပဲရှိတယ်၊ အေး အသက်ကြီးတဲ့ အဖိုးကြီးတွေတော့ ရှိသေးတယ်။"

ချိန်ခါလီရွာမှာ ဒေသခံ ၇၀၀ ခန့်၊ ကိုးတန်ကောက်ရွာမှာတော့ ဒေသခံ ၄၀၀ ခန့်လောက်ရှိပြီး နှစ်ရွာလုံးမှာရှိတဲ့ ဒေသခံရွာသားတွေဟာ စစ်တွေမြို့ပေါ် အပါအဝင် စေတီပြင်ကျေးရွာ၊ ဆင်ပိုက်၊ ဇီးကုန်းတန်း ၊ နော်ဝေရွာ၊ လောင်းချော စတဲ့နီးစပ်ရာရွာတွေကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ကိုချစ်ကိုကိုက ဆိုပါတယ်။

သေဆုံးတဲ့ နှစ်ယောက်နဲ့ ပိတ်မိနေတဲ့သူတွေကို ဒီနေ့ ညနေပိုင်းမှာ ကယ်ထုတ်ပြီးဖြစ်တယ်လို့ ရခိုင်အမျိုးသားပါတီရဲ့ ရသေ့တောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေက RFA ကို ပြောပါတယ်။

"နှစ်ဦး သေဆုံးတယ်ပေါ့နော်။ ရွာထဲမှာ အသက် ၆၀ ပတ်ဝန်းကျင်တစ်ယောက်၊ အသက် ၈၀ ပတ်ဝန်းကျင်တစ်ယောက် ဆုံးတယ်လို့ ကျမတို့ကို သတင်းပို့ထားတာ ရှိပါတယ်။ အဖိုးကြီးအဖွားကြီးက ကိုးယောက် ပိတ်မိနေတယ်လို့ သိရပါတယ်၊ အခုဆိုရင် သူတို့ကို ကယ်ထုတ်လိုက်ပါပြီ။ ချိန်ခါလီရွာက အဖိုးကြီးအဖွားကြီးက ကိုးယောက်ပါ၊ နောက်တစ်ခါ အသက် ၂၇ နှစ်လောက် နာတာရှည်ရောဂါ ဖြစ်နေတာက တစ်ယောက်ပါ။ နောက်တစ်ခါ တပ်က မသင်္ကာလို့ ထိန်းသိမ်းထားတဲ့ အသက် ၁၅ နှစ်က တစ်ယောက်၊ ၂၀ ကျော်က တစ်ယောက်၊ ၃၀ ကျော်က တစ်ယောက်... သုံးယောက်ကိုလည်း အာမခံနဲ့ ကယ်ထုတ်လာပြီးတော့ အခုအချိန်မှာ အဲ့ဒီရွာကနေ ထွက်လာတယ်လို့ သိရပါတယ်"

သွားရောက်ကယ်ဆယ်တဲ့ ပရိဟိတအဖွဲ့ဝင်တွေရဲ့ မျက်မြင်အရ နှစ်ယောက်ပဲ သေဆုံးတာ ဖြစ်တယ်လို့လည်း ဒေါ်ခင်စောဝေက ပြောပါတယ်။

ဘူးသီးတောင်မြို့နယ်ထဲမှာလည်း ဇူလိုင်လ ၁၂ ရက်နေ့မှာပဲ တိုက်ပွဲဖြစ်ပွားမှုတွေရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဘူးသီးတောင်နဲ့ ရသေ့တောင်မြို့နယ်ထဲက ချိန်ခါလီနဲ့ ကိုးတန်ကောက်ရွာဘက်က စစ်ဘေးရှောင်ပြည်သူတွေ စစ်တွေအပါအဝင် နီးစပ်ရာကျေးရွာတွေကို ရောက်နေတယ်လို့ ဘူးသီးတောင်မြို့နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးမောင်ကျော်ဇံ ကပြောပါတယ်။

"အဲဒီကိုးတန်ကောက်၊ ချိန်ခါလီဘက်မှာ တိုက်ပွဲဖြစ်နေတာ နှစ်ရက်သုံးရက်ရှိပြီ၊ နှစ်ရက်သုံးရက်ဖြစ်ပြီးတော့ ဒဏ်ရာရတဲ့လူနာတွေလည်း စစ်တွေမြို့ကို ရောက်နေတယ်ဆိုတာကိုတော့ သတင်းရတယ်၊ သူတို့ထွက်ပြေး ကြတာ စစ်တွေဘက်ကို ထွက်ပြေးကြတာဟုတ်တယ် ပြောတယ်၊ အဲတာ ထွက်ပြေးလာတဲ့သူတွေနဲ့တော့ ကျွန်တော်နဲ့ မတွေ့ရသေးဘူး၊ အတိအကျတော့မသိရဘူး၊ အခုထိ ရွာသားတွေနဲ့ တိုက်ရိုက်အဆက်သွယ် မရဘူး။"

သေဆုံး၊ ဒဏ်ရာရသူတွေရဲ့  အခြေအနေကိုတော့ သူ့အနေနဲ့ သေချာမသိသေးဘူးလို့လည်း ဦးမောင်ကျော်ဇံ ကဆိုပါတယ်။

ရခိုင့်တပ်တော် AA ပြောခွင့်ရသူ ခိုင်သုခ ကတော့ ရသေ့တောင်မြို့နယ် အငူမော်-မော်တော်ကားလမ်းနား ချိန်ခါလီရွာနဲ့ ကိုးတန်ကောက်ရွာအနီးမှာ တပ်မတော်ရဲ့ ခလက ၂၃၃ နဲ့ နှစ်ရက်ကြာ တိုက်ပွဲဖြစ်ပွားတာ မှန်ကန်ကြောင်းနဲ့ နှစ်ဖက် အကျအဆုံးတွေ ရှိခဲ့သလို လက်နက်ခဲယမ်း ပစ္စည်းတွေလည်း သိမ်းဆည်းရမိတယ်လို့ ပြောပါတယ်။ မြန်မာစစ်တပ်ရဲ့ပစ်ခတ်မှုကြောင့် အရပ်သား သုံးဦး သေဆုံးပြီး သုံးဦးဒဏ်ရာရခဲ့သလို နောက်ထပ် လူငယ်လေးဦးကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ RFA ကို ပြောပါတယ်။

ရခိုင့်တပ်တော် AA ကတော့ ရသေ့တောင်မြို့နယ် အငူမော်-မော်တော်ကားလမ်းနား ချိန်ခါလီရွာနဲ့ ကိုးတန် ကောက်ရွာအနီးမှာ တပ်မတော်ရဲ့ ခလက ၂၃၃ နဲ့ နှစ်ရက်ကြာတိုက်ပွဲဖြစ်ပွားတာ မှန်ကန်ကြောင်းနဲ့ နှစ်ဖက် အကျအဆုံးတွေရှိခဲ့သလို လက်နက်ခဲယမ်းပစ္စည်းတွေလည်း သိမ်းဆည်းရမိတယ်လို့ သတင်းထုတ်ပြန် ထားပါတယ်။

ဒီအခြေအနေကိုသိရဖို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကို မေးမြန်းဖို့ကြိုးစားခဲ့ပေမယ့် RFA က ညနေပိုင်းအထိ ဆက်သွယ်လို့ မရခဲ့ပါဘူး။

တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ ပြောခွင့်ရသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကတော့ တပ်မတော်အနေနဲ့ ရွာထဲကို အကြောင်းမဲ့ ပစ်ခတ်တာမျိုး မရှိကြောင်းနဲ့ AA တပ်ဖွဲ့ဝင်တွေက တပ်မတော်စစ်ကြောင်းကို တိုက်ခိုက် ပြီး ရွာထဲပြေးဝင်တာတွေရှိရင်တော့ လှမ်းပစ်တာမျိုးတွေ ရှိနိုင်ကြောင်း အရင်က ဖြေထားဖူးပါတယ်။

RFA က စုဆောင်းရရှိထားတဲ့ အချက်အလက်တွေအရ ရခိုင်မြောက်ပိုင်းနဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တွေမှာ ပြီးခဲ့တဲ့ ၂ဝ၁၈ ဒီဇင်ဘာလကနေ ဒီနေ့အထိ သေဆုံးတဲ့ အရပ်သား ၂၇၁ ယောက်နဲ့ ထိခိုက်ဒဏ်ရာရသူပေါင်း ၅၈၃ ယောက်အထိ ရှိပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။