ရသေ့တောင်မှာ ကျောင်းဆရာမတစ်ဦး မိုင်းထိလို့ ဒဏ်ရာရ
2020.05.05
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ် အမျက်တောင်ကျေးရွာ မူလတန်းလွန်ကျောင်းက ဆရာမ ဒေါ်ချိုဇင်အောင် မေလ ၃ ရက်နေ့ မနက်ပိုင်းက မိုင်းထိသွားတဲ့အတွက် စစ်တွေမြို့က အမှတ် ၁၇ ကုတင် ၁၀၀ စစ်ဆေးရုံမှာ ပို့ဆောင်ကုသနေရတယ်လို့ သိရပါတယ်။
ဆရာမဟာ ရသေ့တောင်မြို့နယ်က ခမရ ၅၃၆ တပ်ထဲမှာနေထိုင်သူဖြစ်ပြီး မော်တော်ဆိုင်ကယ်နဲ့ မိခင်ဖြစ်သူ အတွက် နွားနို့ထွက်ဝယ်စဉ်မှာ အခုလိုဖြစ်တာလို့သိရပါတယ်။
ဖြစ်စဉ်မှန်ကန်ကြောင်းနဲ့ ခြေထောက်တစ်ဖက်ထိခိုက်သွားလို့ ရန်ကုန်မင်္ဂလာဒုံစစ်ဆေးရုံကိုကိုပို့ဆောင် ကုသမယ်လို့ သတင်းကြားတယ်လို့ ရသေ့တောင်မြို့နယ် ပညာရေးလုပ်သားသမဂ္ဂအဖွဲ့ဝင် ကိုစိုးလင်းဦး က RFA ကိုပြောပါတယ်။
"ကျနော်လည်း အတိအကျတော့ မသိသေးဘူး၊ ဆရာမတော့ ဆရာမဟုတ်တယ်၊ ကျောင်းက မူလွန် ရေမျက် တောင်၊ အသက် ၃၀ ကျော်လောက်တော့ရှိတယ်၊ ဟုတ်တယ် ဆရာမဒေါ်ချိုဇင်အောင် ဟုတ်တယ်၊ ၅၃၆ တပ်ထဲ မှာနေတာ၊ သူ့အဖေကလည်း တပ်ထဲကပဲ၊ ဆေးရုံတင်ထားရတယ်တဲ့ စစ်တွေမှာ၊ အသက်အန္တရယ်တော့ မစိုးရိမ်ရဘူး၊ ဒါပေမဲ့ ခြေထောက်တော့ ဖြတ်ရမလားမသိဘူး သေတော့မသေချာသေးဘူး ဖြတ်ချင်မှဖြတ်ရမှာ၊ ဒဏ်ရာအခြေအနေကြောင့် ရန်ကုန်လာမယ်ထင်တယ်၊ မင်္ဂလာဒုံစစ်ဆေးရုံဖြစ်မယ်။"
ANP ပါတီရဲ့ ရသေ့တောင်မြို့နယ် ကိုယ်စားလှယ် ဒေါ်ခင်စောဝေကတော့ ဒီဖြစ်စဉ်ကိုမသိရသေးကြောင်း ပြောပါတယ်။ ရသေ့တောင်ကို ညနေမှ ခရီးကပြန်ရောက်မှာဖြစ်လို့ ဖြစ်စဉ်ကို စုံစမ်းမယ်လို့ ပြောပါတယ်။
ဒီသတင်းကိုသိရှိထားတဲ့ စစ်တွေမြို့က အမည်မဖော်လိုတဲ့ ဒေသခံတဦးကတော့ စစ်တွေ ကုတင် ၁၀၀ စစ်ဆေးရုံမှာ တက်ရောက်နေတာကြားလို့ သွားတွေ့ဖို့အတွက် သွားပေမယ့် အစစ်အဆေးတွေများလို့ လှည့်ပြန်လာတယ်လို့ RFA ကို ဒီကနေ့ပြောပါတယ်။
"ဟုတ်ကဲ့ ကုတင် ၁၀၀ မှာလို့ ကြားတယ်ခင်ဗျာ၊ အမှတ် ၁၇ လေ၊ ကျွန်တော်ကြားမိတာ ၃ ရက်နေ့ ညနေဘက် ကတည်းကကြားတာ၊ သတင်းက သိပ်မခိုင်လုံသေးတော့ ဟုတ်များဟုတ်ပါ့မလားဆိုပြီး သေချာပြန်လေ့လာ ကြည့်သေးတယ်၊ ကျွန်တော့ အသိဆရာမလေးတစ်ယောက်ကလည်း စစ်တပ်ထဲမှာနေတာ၊ အဲမှာသူ့ကို မေးကြည့် တော့ ဟုတ်ပါတယ်၊ တကယ်မှန်ပါတယ်၊ ကုတင် ၁၀၀ ယူသွားပြီဆိုတော့၊ ကျွန်တော်မနက်ကတောင် မေးသေး တယ်၊ လာသွားတွေ့လို့ရမလားဆိုတော့ အဆင်ပြေပါတယ်လို့ပြောတယ်၊ ဒါပေမဲ့ ကျွန်တော်တို့သွားတော့ လမ်းမှာ အစစ်ဆေးတွေ တစ်လမ်းလုံးပဲ အရမ်းများတာ၊ အဲတာကြောင့် အတွင်းထဲအထိမဝင်ဘဲနဲ့ ပြန်လှည့် လာတာ"
တချိန်ထဲမှာလည်း တပ်မတော်နဲ့ AA အကြား စစ်ရေးတင်းမာမှုတွေရှိနေတဲ့ ရသေ့တောင်မြို့နယ်ထဲက ငတောက်တူချေ ရွာဟောင်းနဲ့ ရွာသစ် နှစ်ရွာလုံး မီးလောင်နေပြီး တစုံတယောက်က ရှို့တဲ့ မီးတွေလို့ ဒေသခံတွေက ပြောကြပါတယ်။
မီးလောင်နေတယ်ဆိုတာကိုလှမ်းမြင်ရတဲ့ ရွာသားအချို့လှမ်းပြောလို့ သိရပေမယ့် ဘယ်လို အကြောင်း ကြောင်းကြောင့် လောင်နေသလဲဆိုတာတော့ အသေအချာ မသိရသေးဘူးလို့ ANP ပါတီရဲ့ ရသေ့တောင်မြို့နယ် ကိုယ်စားလှယ် ဒေါ်ခင်စောဝေ RFA ကိုပြောပါတယ်။
"ကြားတယ်ကြားတယ်၊ တချို့ကတော့ ဆရာမတို့ဆီဖုန်းဆက်တယ်၊ ရသေ့တောင်ဘက်နေ မီးခိုးတွေမြင်နေရ တာလောက်ပဲ ပြောကြတယ်၊ ဘယ်လောက်အတိုင်းအတာအထိ ရှို့တယ်ဆိုတော့ ဘယ်သူမှမပြောနိုင်ဘူး၊ ရှို့တယ်ဆိုတာလေးပဲ မီးလောင်နေတယ်ဆိုတာလေးပဲ သိရတယ်၊ ရွာသားတွေကလည်း ထွက်ပြေးနေရတော့ ဖုန်းမကိုင်တာတွေရှိနေတယ်၊ သေချာသိရင်ပြောပါ့မယ်။"
အဲဒီရွာနှစ်ရွာဟာ ရသေ့တောင်မြို့နယ်ရဲ့ မြောက်ဘက် တစ်မိုင်လောက်အကွာ အစိုးရတပ်မတော် ခမရ ၅၃၈ ရဲ့ ချောင်းတစ်ဖက်မှာရှိတာဖြစ်ပြီး နှစ်ရွာပေါင်း အိမ်ခြေ ၁၀၀ ကျော်နဲ့ လူဦးရေ ၇၀၀ ကျော်ရှိတယ်လို့သိရ ပါတယ်။
ရက္ခိုင့်တပ်တော် AA ပြောခွင့်ရသူ ခိုင်သုခကို RFA က ဆက်သွယ်မေးမြန်းရာမှာတော့ ရသေ့တောင်ဘက်မှာ တိုက်ပွဲဖြစ်ပွားတာမရှိကြောင်း၊ ရွာနှစ်ရွာ မီးရှို့ခံရတယ်ဆိုတာ ဟုတ်မှန်ပြီး တပ်မတော်ဘက်က တပ်နဲ့ နီးလို့ ရည်ရွယ်ချက်ရှိရှိ တမင်ရွာတွေကို မီးရှို့တာဖြစ်တယ်လို့ ပြောပါတယ်။ ဒီစွပ်စွဲချက်နဲ့ပတ်သက်ပြီး RFA က သီးခြား အတည်ပြုနိုင်ခြင်းတော့ မရှိပါဘူး။
ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ကို RFA ကဆက်သွယ်မေးမြန်းရာမှာ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့အနေနဲ့ ဘာမှ သတင်းမရသေးကြောင်း RFA ကို ဒီညနေက ဖြေကြားပါတယ်။
ရခိုင်လူမျိုးတွေနဲ့ ကျေးရွာသားတွေအပေါ်မှာ တပ်မတော်က တမင်ရည်ရွယ်ချက်ရှိရှိ ရာဇဝတ်မှုတွေ ကျူးလွန်နေတယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ပတ်သက်လို့တော့ တပ်မတော်အနေနဲ့ အရပ်သားပြည်သူတွေအပေါ် တမင်သက်သက် တိုက်ခိုက်တာမျိုးမရှိကြောင်း၊ ကျေးရွာတွေကို အခြေပြုပြီး တိုက်ပွဲဖော်ဆောင်တာ ရှောင်ရှားဖို့နဲ့ အရပ်သားတွေကို အကာကွယ်ယူ တိုက်ခိုက်တာမျိုး AA အနေနဲ့ ရှောင်ရှားဖို့လိုကြောင်း ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက အရင်က RFA ကို မကြာခဏ ဖြေကြားထားပါတယ်။