ရသေ့တောင်လှေ နစ်မြုပ်မှု ကျောင်းသူ ၄ ဦးပျောက်ဆုံးနေ
2016.08.19

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ရန်အောင်ပြင်ကျေးရွာနားမှာ ကျောင်းသားကျောင်းသူတွေ စီးလာတဲ့ စက်လှေတစ်စီး ဒီနေ့မနက်က နစ်မြုပ်ခဲ့ရာမှာ ကျောင်းသူ ၄ ဦး ပျောက်ဆုံးနေပါတယ်။
ပျောက်ဆုံးနေတဲ့ ကျောင်းသူ ၄ ဦးဟာ ကျောက်စာတိုင်ကျေးရွာကဖြစ်ြပီး လှေတွေနဲ့ ဝိုင်းဝန်းရှာဖွေနေတယ်လို့ အခင်းဖြစ်နေရာကို ရောက်ရှိနေတဲ့ ရသေ့တောင်မြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးဦးသန်းနိုင် က ပြောပါတယ်။
"ဒီနေ့ ၉ နာရီနဲ့ ၂ဝ ကနေပြီးတော့ ရသေ့တောင်မြို့နယ် ဈေးကုန်တန်းကျေးရွာကနေပြီးတော့ ရန်အောင်ပြင် အ.ထ.က ကိုသွားတဲ့ ကူးတို့လှေက တိမ်းမှောက်မှုဖြစ်ပါတယ်၊ အဲ့ဒီမှာ ကျောင်းသူ ကျောင်းသား ၁၇ ယောက် ပါပါတယ်၊ အခုရှာလို့မတွေ့တာကတော့ မိန်းကလေး ၄ ယောက်ပေါ့၊ ကျောင်းသူ ၄ ယောက်၊ ၉ တန်းက ၁ ယောက်၊ ၇ တန်းက ၁ ယောက်၊ ၅ တန်းက ၂ ယောက်ပါ၊ ၄ ယောက်စလုံးက ကျောက်စာတိုင်ကျေးရွာကဗျ၊ အခုလက်ရှိ မှာတော့ ကျနော်တို့က အဲ့ဒီပျောက်ဆုံးနေတဲ့အလောင်းတွေကို ရှာဖွေနေတာပေါ့၊ ဒီကရပ်ရွာကလူတွေရော အကုန်လုံးရှာနေကြတာပေါ့"
အဲ့ဒီစက်လှေမှာပါတဲ့ ကျောင်သူ၊ ကျောင်းသားတွေဟာ ဈေးကုန်တန်းကျေးရွာကနေ ရန်အောင်ပြင်ကျေးရွာကို အသွား လမ်းမှာ လှေနစ်မြုပ်တာဖြစ်ပြီး လှေပေါ်မှာ လူပုံမှန်ထက် ပိုများနေတာကြောင့် နစ်မြုပ်သွားတာလို့ လည်း ပြောပါတယ်။
ရသေ့တောင်မြို့နယ် ရန်အောင်ပြင်ကျေးရွာမှာရှိတဲ့ အထက်တန်းကျောင်းခွဲကို အနီးအနားမှာရှိတဲ့ ဈေးကုန်တန်း ၊ ကျောင်စာတိုင် စတဲ့ ကျေးရွာပေါင်း ၂၀ လောက်က ကျောင်သူ ကျောင်းသားတွေဟာ နေ့စဉ် စက်လှေတွေနဲ့ လာရောက်ပြီး ကျောင်းတက်နေကြရတာဖြစ်ပါတယ်။
ပျောက်ဆုံးနေတဲ့ ကျောင်းသူတွေကို ပြန်လည်ရှာဖွေတွေ့ရှိနိုင်ဖို့အတွက် ဒေသခံအရပ်ဘက်အဖွဲ့တွေ အပါအဝင် မြို့နယ်တာဝန်ရှိသူတွေက ဆက်လက်ရှာဖွေမှုတွေပြုလုပ်နေသလို ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နဲ့ အစိုးရအဖွဲ့တာဝန် ရှိသူတွေကလည်း အခင်းဖြစ်နေရာကို သွားရောက်နေကြတယ်လို့လည်း သိရပါတယ်။