ရသေ့တောင်မြို့နယ် စေတီပြင်ရွာမှာ တင်းမာမှုဖြစ်ပွား
2017.08.08
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် စေတီပြင်ကျေးရွာမှာ ရခိုင်တိုင်းရင်းသားတွေနဲ့ မွတ်ဆလင်တွေအကြား မနေ့က တင်းမာမှုဖြစ်ပွားခဲ့ပြီး အစိုးရလုံခြုံရေးတပ်ဖွဲ့တွေက အခြေအနေတွေကို အချိန်မီထိန်းသိမ်းနိုင်ခဲ့တယ်လို့ သိရပါတယ်။
သုဿာန်ဇရပ်မှာ လုံခြုံရေးကင်းစောင့်နေတဲ့ ရခိုင်တိုင်းရင်းသားတွေကို မွတ်ဆလင်တွေက လေးခွနဲ့လှမ်းပစ် တာကြောင့် အခြေအနေတွေ တင်းမာမှုဖြစ်ပွားခဲ့တာလို့ စေတီပြင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်အေးတင် က ပြောပါတယ်။
"ကျနော်တို့ စေတီပြင်ကျေးရွာကလူတွေကို လေးခွနဲ့ ပစ်လို့ပါ၊ လေးခွနဲ့ ပစ်လို့သွားရှင်းတာပေါ့ဗျာ၊ ဒီလောက်ပါပဲနော်"
စေတီပြင်ကျေးရွာမှာ ရခိုင်တိုင်းရင်းသားတွေနဲ့ မွတ်ဆလင်တွေ အုပ်စုခွဲနေထိုင်ကြတာဖြစ်ပြီး လက်ရှိမှာ အခြေအနေတွေ တည်ငြိမ်နေပြီဖြစ်ပေမယ့် ရဲနဲ့ တပ်မတော်လုံခြုံရေးကိုတော့ တိုးမြှင့်ထားရဆဲဖြစ်တယ်လို့ ရွာခံတွေကပြောပါတယ်။
မနေ့က ညနေ ၅ နာရီလောက်မှာ ရွာလုံးကျွတ် ဆူပူတင်းမာမှုဖြစ်ပွားခဲ့တာဖြစ်ပြီးတော့ စေတီပြင်ကျေးရွာမှာရှိတဲ့ နယ်ခြားစောင့်လုံခြုံရေးတပ်ဖွဲ့က နှစ်ဘက်အခြေအနေတွေကို ကြားဝင်ထိန်းသိမ်းခဲ့ရသလို တပ်မတော် အကူအညီ ကိုယူပြီး လုံခြုံရေးကို တင်းကျပ်ထားတယ်လို့သိရပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းက အောက်နန်းရာအုပ်စုမှာ နယ်ခြားစောင့်ရဲတပ်ဖွဲ့ကို မွတ်ဆလင်တွေက ဝိုင်းဝန်းတိုက်ခိုက်ခဲ့ တဲ့ဖြစ်စဉ်အပြင် အကြမ်းဖက်သင်တန်း တက်ရောက်ထားတဲ့ မွတ်ဆလင်တွေရှိနေတယ်လို့ သတင်းတွေထွက်နေ တာကြောင့် စေတီပြင်ကျေးရွာမှာ ရခိုင်ကျေးရွာသားတွေက အလှည့်ကျကင်းစောင့်ပြီး နေထိုင်နေကြတာဖြစ်တယ် လို့ သိရပါတယ်။
အကြမ်းဖက်အန္တရာယ်ကို ကြောက်ရွံ့ပြီး အနီးအနား တိုင်းရင်းသားကျေးရွာတွေကနေ စေတီပြင်ကျေးရွာတွေကို ထွက်ပြေးတိမ်းရှောင်လာကြတဲ့ ဒေသခံတွေဟာလည်း တပ်မတော်လုံခြုံရေး အကူအညီနဲ့ နေရပ်ကျေးရွာတွေဆီ ကို ဒီကနေ့ အသီးသီး ပြန်နေကြပြီလို့လည်း ရွာခံတွေကပြောပါတယ်။