ယောမင်းကြီးဇရပ် စကားဝိုင်း
2018.08.12

မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒလေ့လာရေး အင်စတီကျူ (ISP Myanmar) က ဦးဆောင်ကျင်းပတဲ့ ဒုတိယမြောက် ယောမင်းကြီးဇရပ် စကားဝိုင်းဆွေးနွေးပွဲကို ဒီကနေ့ မနက် ရန်ကုန်မြို့ ပြည်လမ်းမှာရှိတဲ့ နိုဗိုတယ် ဟိုတယ်မှာ ကျင်းပခဲ့ပါတယ်။
ဦးဆောင်ဆွေးနွေးသူတစ်ဦးဖြစ်တဲ့ ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ဟောင်း အငြိမ်းစား ဗိုလ်ချုပ် ဦးမောင်မောင်အုန်းက ရခိုင်ပြည်နယ်အရေးနဲ့ ပတ်သက်ပြီး လက်ရှိအခြေအနေမှာ အစိုးရ၊ တပ်မတော်နဲ့ ပြည်သူက မျဉ်းပြိုင်ဖြစ်နေတဲ့ အတွက် ဆုံမှတ်မဖြစ်နိုင်ရင် ရေရှည်မှာ ရခိုင်အရေးဟာ အနုတ်လက္ခဏာဖြစ်မယ်လို့ ပြောခဲ့ပါတယ်။
"ယနေ့ဖြစ်နေတဲ့ အနေအထားကို ကျနော် သုံးသပ်ရလို့ရှိရင် အစိုးရရယ်၊ တပ်မတော်ရယ်၊ ပြည်သူရယ်က မျဉ်းပြိုင် ဖြစ်နေတယ်။ ကျနော် တော်တော်ခံစားရတယ်။ ဝမ်းနည်းတယ်။ ကျနော်က တပ်မတော်သား တစ်ယောက် ဖြစ်သလို၊ အရင်က ရခိုင်က ဝန်ကြီးချုပ် ဖြစ်တယ်။ အခု ကျနော်က ပြည်သူ၊ လွှတ်တော် ကိုယ်စားလှယ်။ National Interest ကိုပဲ ကျနော်တို့ သွားရတယ်။ ပြီးတော့ ဒီဇာတ်လမ်းမှာ ပြန်ပြီးတော့ ကောက်ရရင်လေ မျဉ်းပြိုင်ဖြစ်တာကို ဆုံမှတ်တစ်ခုမှာ ဆုံလို့မရဘူးလား။ ကျနော် ရိုးရိုးလေးပဲ ဒီလိုပြောချင် ပါတယ်။ ဆုံမှတ်မှာ မလုပ်နိုင်ဘူးဆိုရင်တော့ ကျနော်ထင်တယ် အနုတ်လက္ခဏာပဲ"
အဲဒီစကားဝိုင်းကို ''အကျပ်အတည်းအတွင်းမှ ခေါင်းဆောင်မှု၊ အိပ်ရင်းမတ်တတ် လမ်းလျှောက်ခြင်းလော၊ မဟာဗျူဟာမြောက် စွန့်ဦးတီထွင်ခေါင်းဆောင်သူလော" ခေါင်းစဉ်နဲ့ ပြုလုပ်တာဖြစ်ပြီး နယ်ပယ်အသီးသီးက စိတ်ဝင်စားသူ ၇၀၀ နီးပါး တက်ရောက်ခဲ့ပါတယ်။
မြန်မာနိုင်ငံ သဘင်အစည်းအရုံး (ဗဟို)ရဲ့ ဥက္ကဋ္ဌ မင်းသား ဖိုးချစ်က သူ့ဘဝအတေ့ွအကြုံတွေနဲ့ အခက်အခဲတွေကို ဆွေးနွေးရင်း မြန်မာနိုင်ငံက ပြည်သူတွေဟာ စနစ်ထက် လူပုဂ္ဂိုလ်ကိုပဲ အားကိုးနေကြတယ်လို့ ထည့်သွင်း ဆွေးနွေးခဲ့ပါတယ်။
ဆွေးနွေးပွဲမှာ ပန်းပျိုးလက် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းရဲ့ ကျောင်းအုပ်ဆရာတော် အရှင် ပညောဘာသ၊ နယ်စပ်ရေးရာ ဝန်ကြီးဌာန ဒုတိယ ဝန်ကြီးဟောင်းနဲ့ ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ဟောင်း အငြိမ်းစား ဗိုလ်ချုပ် ဦးမောင်မောင်အုန်း၊ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးကိုကိုကြီး၊ မွန်ပြည်နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခိုင်ခိုင်လဲ့ ပါဝင်ခဲ့ပါတယ်။ ဒါ့အပြင် ဉာဏ်ကြီးရှင် ကော်ဖီ တည်ထောင်သူ ဦးငွေထွန်း၊ ISP Myanmar ရဲ့ ပြင်ပ ဆက်ဆံ/ဆက်သွယ်ရေး ဒါရိုက်တာ ဦးအောင်သူငြိမ်း၊ စာရေးဆရာမ မသီတာ(စမ်းချောင်း)၊ လူငယ်ဆရာဝန် ဒေါက်တာ ဖြိုးသီဟနဲ့ မြန်မာနိုင်ငံ သဘင်အစည်းအရုံး (ဗဟို)ရဲ့ ဥက္ကဋ္ဌ မင်းသား ဖိုးချစ် တို့လည်း ပါဝင်ခဲ့တာဖြစ်ပါတယ်။
မယ်တော်ဆေးခန်းကို စတင်တည်ထောင်ခဲ့တဲ့ ဒေါက်တာ စင်သီယာမောင် ကတော့ သူ့ရဲ့ဆွေးနွေးချက်တွေကို ဗွီဒီယိုဖိုင်နဲ့ ပေးပို့ခဲ့ပါတယ်။
ISP Myanmar ဟာ ပထမအကြိမ် ဆွေးနွေးပွဲကို "အနာဂတ် မြန်မာနိုင်ငံ ၂၀၅၀" ခေါင်းစဉ်နဲ့ ဇူလိုင်လအတွင်းမှာ ကျင်းပခဲ့ပါတယ်။