ရေဦးမြို့နယ်က ဒေသခံ နှစ်သောင်းကျော် စားနပ်ရိက္ခာ အကူအညီလိုအပ်နေ
2023.08.27

စစ်ကိုင်းတိုင်း ရေဦးမြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ မီးရှို့တာခံထားရတဲ့ ကျေးရွာ ၅၁ ရွာက ဒေသခံနှစ်သောင်းကျော်ဟာ စားဝတ်နေရေးအကူအညီလိုအပ်နေတယ်လို့ ရေဦးအခြေပြု People Defense Comarde အဖွဲ့က သတင်းပြန်ကြားရေးတာဝန်ခံ ကိုထူးခန့်ဇော် (အမေ့သားက) က ပြောပါတယ်။
စစ်ကောင်စီစစ်ကြောင်းတွေ ဝင်ရောက်မီးရှို့တဲ့ ကျေးရွာတွေက မီးဘေးသင့်ပြည်သူ နှစ်သောင်းကျော်ဟာ စားနပ်ရိက္ခာတွေ အဓိက လိုအပ်နေတယ်လို့ ကိုထူးခန့်ဇော် (အမေ့သားက) က ပြောပါတယ်။
"မီးဘေးသင့်ပြည်သူ နှစ်သောင်းကျော်က နေရေးထိုင်ရေး စားရေးသောက်ရေး အကျပ်အတည်းဖြစ်နေကြတယ်ဗျ၊ မြို့နယ် လူသားချင်းစာနာမှုအဖွဲ့နဲ့ အခြားလူမှုရေးအဖွဲ့တွေက မြေပြင်ကွင်းဆင်း ကူညီတာတွေရှိပေမဲ့ ကျေးရွာ ၅၁ ရွာလုံးက လုံလောက်တဲ့အကူအညီမရကြသေးဘူးဗျ၊ အဓိက မီးဘေးသင့်ပြည်သူတွေအတွက် လိုအပ်တာက စားနပ်ရိက္ခာပေါ့ဗျာ"
ဒီလူနှစ်သောင်းကျော်ဟာ စစ်ကြောင်းတွေဝင်လာရင် ထွက်ပြေးရပြီး စစ်ကြောင်းတွေ မရှိတော့တဲ့အခါ ရွာထဲမှာ ယာယီတဲထိုးပြီး ပြန်ဝင်နေကြရတယ်လို့လည်း ကိုထူးခန့်ဇော်က ပြောပါတယ်။
အာဏာသိမ်းပြီးချိန်ကနေ ၂၀၂၃ မေလ ၄ ရက်နေ့အထိ မီးဘေးသင့်ပြည်သူ နှစ်သောင်းကျော်ရှိပြီး နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရသူတွေရှိသလို ကိုယ်ရပ်ရွာမှာပဲ ယာယီတဲတွေထိုးပြီး ဖြစ်သလို နေထိုင်နေရတယ်လို့လည်း သူကပြောပါတယ်။
ရေဦးမြို့နယ်ထဲမှာ စစ်ကောင်စီစစ်ကြောင်းတွေဝင်ရောက် မီးရှို့ဖျက်စီးခဲ့တဲ့ ရွာ ၅၁ ရွာရှိပြီး နေအိမ် ၃၄၂၉ လုံး မီးလောင်ပျက်စီးသွားပြီး ဘုရားကျောင်းတွေ၊ ဘုန်းကြီးကျောင်းတွေ၊ သီလရှင်ကျောင်းတွေ၊ စျေးဆိုင်တွေလည်း မီးရှို့ခံထားရတယ်လို့ ဆိုပါတယ်။
ရွာတွေမီးရှို့ခံထားတယ်ဆိုတဲ့ ပြောဆိုချက်နဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောခွင့်ရသူ တိုင်းသယံဇာတ ဝန်ကြီး ဦးတင်သန်းဝင်းကို RFA က ဖုန်းခေါ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိသေးပါဘူး။
UNOCHA ရဲ့ စာရင်းတွေအရ စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကိုင်းတိုင်းထဲက ဒေသခံရှစ်သိန်းနီးပါး (၇၇၈၉၀၀ ဦး) နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရပါတယ်။