တနင်္သာရီတိုင်း ရေဖြူမြို့နယ်က ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦး ပစ်သတ်ခံရ
တနင်္သာရီတိုင်း ရေဖြူမြို့နယ် (ဃ) ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးစိုးနိုင် (ခ) ဦးအာလူးဟာ ဒီဇင်ဘာလ ၃ ရက် ဒီနေ့မနက်က နေအိမ်မှာ သေနတ်နဲ့ ပစ်ခတ်ခံရပြီးနောက် ထားဝယ်ဆေးရုံမှာ သေဆုံးသွားခဲ့တယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
"ဒီမနက် ၆ နာရီ ၄၅ မိနစ်လောက်မှာ အုပ်ချုပ်ရေးမှူးနေတဲ့ အိမ်မှာပဲ လာပစ်သွားတာ။ ဒီစစ်ကောင်စီက ခန့်ထားတဲ့ အုပ်ချုပ်ရေးမှူးက ရပ်ကွက်ထဲမှာ နာမည်ဆိုး ရှိတယ်။ စျေးကောက်ကောက်တာတွေနဲ့ ရပ်ကွက်ထဲမှာ ထောက်ခံစာ ယူရင်လည်း ငွေကြေးတွေ ယူတယ်။ ရပ်ကွက် ဖဲဝိုင်းလေးတွေမှာလည်း ပိုက်ဆံတွေ ယူတယ်ဆိုပြီးတော့ အဲလိုမျိုး နာမည်ဆိုးရှိတယ်။ သူ့သားမက်ကလည်း စစ်ဗိုလ်။ အဲလို နောက်ခံလေးတွေ ရှိတယ်" လို့ ရေဖြူဒေသခံ ကိုကျော်ကျော်က ပြောပါတယ်။
အုပ်ချုပ်ရေးမှူး အပစ်ခံရပြီးနောက် စစ်တပ်က ရေဖြူမြို့နယ်ပေါ်မှာ ရှိတဲ့ NLD ပါတီဝင်အိမ်တွေကို လိုက်လံ ရှာဖွေခဲ့ပြီးနောက် ရေဖြူမြို့ခံ အသက် ၇၀ ကျော် အရွယ် ဦးကြည်လွင်ကြီးဆိုသူနဲ့ သူ့သားမက်၊ နောက် CDM လုပ်ထားတဲ့ ဝန်ထမ်းတစ်ယောက်တို့ကို စစ်တပ်က ဖမ်းသွားတယ်လို့လည်း ဒေသခံ ကိုကျော်ကျော်က ပြောပါတယ်။
ဒီသတ်ဖြတ်မှုဟာ ဘယ်သူတွေရဲ့ လက်ချက်ဆိုတာကိုတော့ မသိရသေးပါဘူး။
အခုနောက်ပိုင်းမှာ ထားဝယ်၊ ရေဖြူ၊ သရက်ချောင်း၊ လောင်းလုံမြို့နယ်တွေမှာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတွေနဲ့ စစ်တပ်သတင်းပေးဆိုပြီး အသတ်ခံရတာတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မြန်မာနိုင်ငံတစ်ဝန်းမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ နိုဝင်ဘာလ ၁၆ ရက်နေ့အထိ အုပ်ချုပ်ရေးပိုင်း တာဝန်ရှိသူ ၁၉၈ ဦးခန့် သေဆုံးပြီး ၁၄၈ ဦးခန့် ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ စစ်ကောင်စီက ထုတ်ပြန် ထားပါတယ်။