ရေဖြူမှာ ပစ်ခတ်ခံရလို့ ရဟန်းတစ်ပါးပျံလွန်၊ အမျိုးသမီးတစ်ဦးသေဆုံး
2023.02.07
တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ထားဝယ် - ရေဖြူကားလမ်းမပေါ် နှမ်းကြဲရွာအနီးမှာ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၆ ရက် ညနေပိုင်း ကားတစ်စီးပစ်ခတ်ခံရလို့ သက်တော် (၆၀) အရွယ် ဆရာတော်ဦးဥက္ကဋ္ဌ ပျံလွန်တော်မှုပြီး အသက် (၆၅) နှစ်အရွယ် အမျိုးသမီးတစ်ဦး သေဆုံးခဲ့တယ်လို့ ရေဖြူဒေသခံတွေက ပြောပါတယ်။
ထားဝယ်ကနေ ရေဖြုမြို့၊ ရားဖူးရွာသစ်ရွာကိုအပြန်မှာ အပစ်ခံရတာဖြစ်ပြီး ယာဉ်မောင်း အပါအဝင် ခြောက်ဦးကတော့ ဒဏ်ရာရခဲ့တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရေဖြူဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“ဆရာတော်က မောင်မယ်ရှောင်ဇာတိ၊ ရားဖူးရွာကျေးမှာ ကျောင်းထိုင်နေတာ။ ကားပေါ်မှာ ဆရာတော်တစ်ပါး၊ အမျိုးသမီးသုံးဦးနဲ့ အမျိုးသားလေးဦးပါလာတာ။ ကလိန်အောင်ဆေးရုံကြီးမှာ အမျိုးသားနှစ်ဦးက ဆေးကုသမှု ခံယူနေတယ်။ သူတို့ကတော့ ထိခိုက်ဒဏ်ရာမပြင်းထန်ဘူး၊ နည်းနည်းပဲထိခိုက်တယ်။ ထားဝယ်မှာ အမျိုးသမီး နှစ်ဦးနဲ့ အမျိုးသားနှစ်ဦးက ဆေးကုသမှုခံနေရတယ်။ သူတို့ရဲ့ အခြေအနေကတော့ အသေးစိတ်မသိရသေးပါဘူး”
ထိခိုက်ဒဏ်ရာရသူတွေကိုတော့ ဒေသခံလူမှုကူညီရေးအဖွဲ့တွေက ထားဝယ်နဲ့ ကလိန်အောင်ဆေးရုံကြီးကို ကူညီ ပို့ဆောင်ပေးခဲ့တယ်လို့ ဆိုပါတယ်။
ဒီပစ်ခတ်မှုကို ဘယ်အဖွဲ့က လုပ်ဆောင်ခဲ့သလဲဆိုတာ RFA အနေနဲ့ သီးခြားအတည် မပြုနိုင်သလို စစ်ကောင်စီရဲ့ တနင်္သာရီတိုင်း ပြောခွင့်ရသူ လူမှုရေးဝန်ကြီး ဦးယဉ်ထွေးကို RFA က တယ်လီဖုန်းနဲ့ခေါ်ဆိုခဲ့ပေမယ့် ဆက်သွယ်လို့ မရသေးပါဘူး။
ဒါ့အပြင် ဒီပစ်ခတ်မှုနဲ့ပတ်သက်ပြီး ဖေဖော်ဝါရီလ ၇ ရက် ညနေပိုင်းအထိ ဘယ်အဖွဲ့ကမှ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။