စစ်ကြောင်းတွေကြောင့် ရေစကြိုက လူနှစ်ထောင်ခန့် ထွက်ပြေးနေရ

RFA Burmese
2023.10.13
စစ်ကြောင်းတွေကြောင့် ရေစကြိုက လူနှစ်ထောင်ခန့် ထွက်ပြေးနေရ ရေစကြို ရေလယ်ကျွန်းဒေသမှ စစ်ဘေးဒုက္ခသည်များအား ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၁၃ ရက်နေ့က တွေ့ရစဉ်။
ရေစကြိုမြို့နယ် လူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီ

မကွေးတိုင်း ရေစကြိုမြို့နယ်ထဲက ဧရာ၀တီမြစ်နဲ့ ချင်းတွင်းမြစ်ကြားမှာရှိတဲ့ ရေလယ်ကျွန်းဒေသကို စစ်ကောင်စီတပ် စစ်ကြောင်းနှစ်ကြောင်းက အောက်တိုဘာလ ၁၂ ရက်နေ့ကနေ ဒီနေ့အထိ စစ်ကြောင်းထိုးနေလို့ ရွာဆယ်ရွာလောက်က လူနှစ်ထောင် လောက် ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မီးလောင်ကျွန်း၊ ကျောက်ဖူး၊ မိဖုရား၊ ဖြုံဘူး၊ မြေတော်ရွာ၊ ငတရော်၊ ဆင်တဲ၊ ခြံယာနဲ့ ကျွန်းညို စတဲ့ ရွာတွေက ဒေသခံတွေ ထွက်ပြေးနေရတာပါ။

မနေ့ကတော့ ရေစကြို ဖောင်တော်ဦးဆိပ်ကမ်းကနေ စက်လှေနှစ်စီးနဲ့ စစ်ကောင်စီတပ်သား အင်အားတစ်ရာလောက် ရေလယ်ကျွန်းကိုကူးလာပြီး မိဖုရွားရွာဘက်ကနေ အနီးတစ်၀ိုက်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ် စစ်ကြောင်းနောက်တစ်ဖွဲ့ကတော့ မြင်းခြံ ပတ္တာဆိပ်ကမ်းကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ပြီး ရေလယ်ကျွန်းကို ဝင်ရောက်လာတယ်လို့ ဆိုပါတယ်။

စစ်ကြောင်းတွေ ညှပ်ပူးညှပ်ပိတ် ဝင်လာတဲ့အတွက် ဒေသခံတွေ ဘေးလွတ်ရာကို ထွက်ပြေးရတာလို့ ရေစကြို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ခေါင်းဆောင် ကိုဝေကြီးက ပြောပါတယ်။

"စစ်ကြောင်းတော့ ထိုးနေတာ။ ပြည်သူတွေတော့ တော်တော်များများ ရှောင်နေကြတာပေါ့နော်။ တိုက်ပွဲဖြစ်တဲ့ အခြေအနေတော့ ကျွန်တော် မသိရသေးဘူး"

ဒီကိစ္စနဲ့ ပတ်သက်ပြီး စစ်ကောင်စီရဲ့ မကွေးတိုင်း ပြောခွင့်ရသူ တိုင်းအတွင်းရေးမှူး ဦးသန်းဆွေဝင်းကို RFA က ဆက်သွယ်ပေမယ့် လက်ခံဖြေကြားတာ မရှိသေးပါဘူး။
အာဏာသိမ်းပြီးနောက် ပဋိပက္ခတွေကြောင့် မကွေးတိုင်းမှာ နေရပ်စွန့်ခွာထွက်ပြေးရသူ နှစ်သိန်းကျော် (၂၁၈,၁၀၀) အထိရှိလာပြီလို့လည်း ကုလသမဂ္ဂ လူသားချင်း စာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး (UNOCHA) ရဲ့ အောက်တိုဘာလ ၂ ရက် ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။