ရေဦးမှာ လက်နက်ကြီးတွေနဲ့ပစ်ပြီး စစ်ကြောင်းထိုးလို့ ဒေသခံ ငါးထောင်ကျော် ထွက်ပြေးနေရ

RFA Burmese
2023.10.30
ရေဦးမှာ လက်နက်ကြီးတွေနဲ့ပစ်ပြီး စစ်ကြောင်းထိုးလို့ ဒေသခံ ငါးထောင်ကျော် ထွက်ပြေးနေရ ၂ဝ၂၃ ခုနှစ် အောက်တိုဘာလ ၃၀ ရက်နေ့က ထွက်ပြေး တိမ်းရှောင်လာကြသည့် ရေဦးမြို့နယ်မှ ဒေသခံများအားတွေ့ရစဉ်။
ရေဦးမြို့နယ်အခြေပြု People's Defense Comrade

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်ရဲ့ အနောက်ဘက်ခြမ်းက ကျေးရွာ ၁ဝ ရွာကျော်ကို စစ်ကောင်စီ တပ်သားတွေက လက်နက်ကြီးတွေနဲ့ ပစ်ခတ်ပြီး စစ်ကြောင်းထိုးလာတာကြောင့် ဒေသခံပြည်သူ ငါးထောင်ကျော် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ရေဦးမြို့နယ်အခြေပြု People's Defense Comrade ပြန်ကြားရေးတာဝန်ခံ ကိုထူးခန့်ဇော်က ပြောပါတယ်။

ရေဦးမြို့၊ နယ်မြေခံအဖွဲ့တွေက အောက်တိုဘာလ ၃၀ ရက်နေ့ မနက် ၆ နာရီမှာ ဒီပဲယင်းမြို့က ထွက်လာတဲ့ စစ်ကောင်စီတပ်ကို မစိုးရိမ်ရွာအနီး မိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် မစိုးရိမ်ရွာအပါအဝင် အနီးအနားက ရွာ ၁၄ ရွာကို စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ပစ်ခတ်ပြီး စစ်ကြောင်းထိုးလာတာလို့ ဆိုပါတယ်။

ဒါကြောင့် မစိုးရိမ်၊ အောင်သာ၊ ပျော်ဘွယ်၊ ခြုံရွာ၊ ကျီကုန်း၊ ဇီးကုန်း၊ မူးဆုံ၊ ရွာမိဿာ၊ မုတ်စီ၊ ငြုတ္တုံ၊ ကုန်းကြီး၊ ကုန်းတန်း၊ နှောကုန်းရွာနဲ့ ပြည်တော်ရွာက ပြည်သူ ငါးထောင်ကျော် ထွက်ပြေးတိမ်းရှောင်ခဲ့ရတာလို့ ရေဦးမြို့နယ် အခြေပြု People's Defense Comrade ပြန်ကြားရေးတာဝန်ခံ ကိုထူးခန့်ဇော်က RFA ကို ပြောပါတယ်။

"စစ်ကြောင်းက ဒီပဲယင်းကနေထွက်လာတာ။ အင်အားတစ်ရာကျော်လောက် ရှိတယ်။ ဒီပဲယင်းမြို့ကနေ ထွက်လာလာချင်း နယ်မြေခံအဖွဲ့တွေက မိုင်းဆွဲလိုက်တာ။ အသေအပျောက်တော့ ရှိတယ်။ ဒါပေမယ့် စာရင်း အတိအကျတော့ မသိရသေးဘူး။ အဲဒီကနေမှ ရေဦးမြို့အနောက်ဘက်က ရွာတွေဘက်ကို လက်နက်ကြီးတွေနဲ့ ပစ်တာ။ ဒါကြောင့် ကျေးရွာပေါင်း ၁၄ ရွာက ပြည်သူတွေ ထွက်ပြေးရတာပါ၊ အားလုံး ငါးထောင်ကျော် လောက်ရှိမယ်"

အဲဒီလို ဒေသခံတွေ နေရပ်စွန့်ခွာထွက်ပြေးနေရတဲ့ အခြေအနေသိရဖို့ စစ်ကိုင်းတိုင်း စစ်ကောင်စီပြောခွင့်ရသူ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံ မဖြေပါဘူး။

ကျေးရွာ ၁၄ ရွာကို လက်နက်ကြီးတွေနဲ့ပစ်ခတ်ပြီး စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဟာ ရေဦးမြို့နယ်မှာ အထိုင်ချနေတဲ့ အောင်လံအခြေစိုက် ခလရ ၇၁ ဖြစ်တယ်လို့ ပြန်ကြားရေးတာဝန်ခံ ကိုထူးခန့်ဇော်က RFA ကို ပြောပါတယ်။

"ရွှေဘို၊ ခင်ဦး၊ ဒီပဲယင်းနဲ့ ရေဦး ဒီလေးမြို့နယ်ကို လှည့်ပတ်ပြီး စစ်ကြောင်းထိုး ဖမ်းဆီးသတ်ဖြတ်နေတဲ့ စစ်ကောင်စီတပ်က မကွေးတိုင်းထဲက အောင်လံအခြေစိုက် ခလရ ၇၁ ပါ၊ ရေဦးမြို့နယ်မှာ အထိုင်ချနေတဲ့ စစ်ကောင်စီတပ်ပေါ့"

အခု လက်နက်ကြီးတွေနဲ့ပစ်ခတ်ပြီး စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ကပဲ အောက်တိုဘာ ၂၁ ရက်နေ့ ကနေ ၂၈ နေ့အထိ ဒီပဲယင်းအနောက်ခြမ်းရွာတွေကို စစ်ကြောင်းထိုး စီးနင်းခဲ့သေးသလို စစ်ရှောင်ပြည်သူ ရှစ်ဦးကို သတ်ဖြတ်ခဲ့ပြီး နောက်ထပ်ပြည်သူ ၂၀ ဦးကိုလည်းဖမ်းဆီးသွားတယ်လို့ ရေဦးမြို့နယ်အခြေပြု People's Defense Comrade ပြန်ကြားရေးတာဝန်ခံ ကိုထူးခန့်ဇော်က ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။