ရေဦးမြို့နယ် မစိုးရိမ်ရွာ စီးနင်းခံရပြီး လူငါးဦးသေဆုံး၊ လေးဆယ်ခန့်ဖမ်းဆီးခံရ

2023.10.31
ရေဦးမြို့နယ် မစိုးရိမ်ရွာ စီးနင်းခံရပြီး လူငါးဦးသေဆုံး၊ လေးဆယ်ခန့်ဖမ်းဆီးခံရ ရေဦးမြို့နယ် မစိုးရိမ်ရွာနှင့် အနီးအနားရှိ ရွာဒေသခံများ ထွက်ပြေးတိမ်းရှောင်နေကြသည်ကို ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၃၀ ရက်နေ့က တွေ့ရစဉ်။
ကိုထူးခန့်ဇော် (အမေ့သား)

စစ်ကိုင်းတိုင်း ရေဦးမြို့နယ် မစိုးရိမ်ရွာကို အောက်တိုဘာလ ၃၀ ရက်နေ့ ညပိုင်းမှာ စစ်ကောင်စီရဲ့ အမှတ် ၇၁ ခြေလျင်တပ်ရင်းက ရုတ်တရက် ဝင် ရောက်စီးနင်းပြီး လူငါးဦးကို သတ်ဖြတ်ခဲ့သလို ကျေးရွာသား လေးဆယ်ခန့်ကိုလည်း စစ်ကြောင်းနဲ့အတူ ဖမ်းခေါ်သွားတယ်လို့ ကာကွယ်ရေးအဖွဲ့တွေနဲ့ ဒေသခံတွေက RFA ကို ပြောပါတယ်။

ကင်းစောင့်နေတဲ့ ကာကွယ်ရေးအဖွဲ့ဝင် နှစ်ဦးနဲ့ အရပ်သား သုံးဦး သတ်ဖြတ်ခဲ့တာဖြစ်ပြီး အောက်တိုဘာ ၃၁ ရက် ဒီနေ့မနက်မှာတော့ ဖမ်းဆီးထားတဲ့ ရွာခံ လေးဆယ်ဦးခန့်ကို လက်နောက်ပြန်ကြိုးတုပ်ပြီး စစ်ကြောင်းနဲ့အတူ ခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကြောင်း ပြန်ထွက်သွားချိန် ရွာထဲဝင်ကြည့်တဲ့အခါ ခေါင်းဖြတ်သတ်ဖြတ်ခံထားရသူ အပါအဝင် ရုပ်အလောင်း ငါးလောင်းကို တွေ့ခဲ့ရတာဖြစ်ပြီး လက်ရှိမှာ သေဆုံးသူတွေရဲ့ ကိုယ်ရေး အချက်အလက် အသေးစိတ်ကို အတည်မပြုနိုင်သေးဘူးလို့ ရေဦးအခြေစိုက် Tiger အဖွဲ့ တာဝန်ခံကို ပွဲစားက RFA ကို ပြောပါတယ်။

“မနက် ၈ နာရီက သူတို့ပြန်ထွက်သွားတော့ ကားမောင်းရင်းနဲ့ ကြည့်ခိုင်းတာ မစိုးရိမ်ရွာလမ်းပေါ်မှာ နှစ်လောင်း၊ ရွာတံတားဘေးမှာ နှစ်လောင်း၊ မစိုးရိမ်ဘုန်းကြီးကျောင်းဘေးမှာ ခေါင်းဖြတ်ထားတဲ့ တစ်လောင်း လောလောဆယ် တွေ့ထားတယ်။ ထိတွေ့တိုက်ပွဲတော့ မဖြစ်သေးဘူး။ လမ်းတစ်လျှောက် မိုင်းဆွဲတိုက်ခိုက်တာတွေတော့ ရှိတယ်”

အခုဝင်ရောက်စီးနင်းခဲ့တဲ့ စစ်ကောင်စီတပ်သားတွေထဲမှာ သတ်ဖြတ်မှုနဲ့ နာမည်ကြီးတဲ့ ကျားဘီလူးစစ်ကြောင်း ပါဝင်သလို ကွန်မန်ဒိုတပ်သားတွေလည်း ရောနှောပါဝင်တယ်လို့ သူကဆိုပါတယ်။

အဲဒီစစ်ကြောင်းဟာ ဒီပဲယင်းမြို့နယ်ဘက်ကို အောက်တိုဘာ ၂၁ ရက်နေ့ ကနေ ၂၈ အထိ ၈ ရက်ကြာ စစ်ကြောင်းထိုးပြီး အရပ်သား ရှစ်ဦးကို သတ်ဖြတ်ခဲ့တဲ့ စစ်ကြောင်းဖြစ်တယ်လို့လည်း ရေဦးမြို့နယ်အခြေပြု People’s Defense Comrade ရဲ့ ပြန်ကြားရေး တာဝန်ခံ ကိုထူးခန့်ဇော် (အမေ့သား) က RFA ကို ပြောပါတယ်။

လက်ရှိမှာ စစ်ကြောင်း ပြန်လှည့်လာနိုင်တဲ့ အခြေအနေကြောင့် ရေဦးမြို့နယ်မှာရှိတဲ့ ရွာပေါင်း ၁၀ ရွာထက်မနည်းက ဒေသခံတစ်သောင်းကျော် ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး အသေးစိတ် သိနိုင်ဖို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေဆိုတာ မရှိပါဘူး။

ကုလသမဂ္ဂ လူသားချင်း စာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး (UNOCHA) ရဲ့ အောက်တိုဘာလ ၂ ရက် ထုတ်ပြန်ချက်အရ အာဏာသိမ်းပြီးနောက် ပဋိပက္ခတွေကြောင့် စစ်ကိုင်းတိုင်းမှာ နေရပ်စွန့်ခွာ ထွက်ပြေးရသူ ရှစ်သိန်းကျော် (၈၁၃,၅၀၀) ရှိလာပါပြီ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။