ရေဦးမြို့ တင်းတိမ်ရံရွာ စီးနင်းခံရ၊ ကိုးတန်း ကျောင်းသားတစ်ဦး အပါအဝင် သုံးဦး သေဆုံး

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ တင်းတိမ်ရံရွာကို နိုဝင်ဘာ ၁၆ ရက် မနေ့က စစ်ကောင်စီတပ်သားတွေ ဝင်ရောက် စီးနင်းခဲ့ပြီး လက်နက်ကြီးအပါအဝင် သေနတ်တွေနဲ့ပစ်ခတ်လို့ ရွာသား သုံးဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
စစ်ကောင်စီတပ်တွေက ရွာထဲက အိမ်တစ်လုံးကို မီးရှို့လိုက်ရာ မီးသွားငြှိမ်းတဲ့ ကိုးတန်းကျောင်းသား မောင်ရှိုင်းထက်ဇော် သေနတ်ကျည်ဆန် ထိမှန်သေဆုံးခဲ့တယ်လို့ တင်းတိမ်ရံရွာက သဲကုန်းကြီးကျောင်း ဆရာတော် ဦးကေသဝက မိန့်ပါတယ်။
“သူက ဦးဇင်းတို့ကျောင်းက ဘုန်းကြီးကျောင်းသားလေး။ ဘာမှတောင် သိတာမဟုတ်ဘူး။ ဆွမ်းချိုင့်ယူ၊ ဂိမ်းဆော့နဲ့ နေတဲ့ကလေးလေး၊ မီးလောင်တဲ့အိမ်က ဘုန်းကြီးကျောင်းနဲ့လည်း နီးတော့ မီးထွက်ငြှိမ်းတာ မှာ သေနတ်မှန်တာ”
စစ်ကောင်စီတပ်သားတွေဟာ ရွာကို လက်နက်ကြီးတွေ သေနတ်တွေနဲ့ တရစပ် ပစ်ခတ်ခဲ့ရာ ၁၅ နှစ်အရွယ် ကိုးတန်းကျောင်းသား မောင်ရှိုင်းထက်ဇော်၊ အသက် ၃၀ အရွယ် ကိုမင်းဇော်ဦးနဲ့ နောက်ထပ် အမျိုးသမီး တစ်ယောက်တို့ သေဆုံးခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
တရွာလုံး ကိုယ်လွတ်ရုန်းကာ သက်ကြီးရွယ်အိုတွေကို ချီထမ်းပိုးပြီး ချောင်းထဲတလျှောက် ထွက်ပြေး ခဲ့ကြရလို့ အဝတ်ရေစိုတွေ ပြန်လဲဖို့မရှိဖြစ်ကာ လက်ရှိစားသောက်ရေး အခက်တွေ့နေရတယ်လို့ ပြောကြပါတယ်။
ရွာထဲမှာ လူတွေမရှိတဲ့အချိန် စစ်ကောင်စီတပ်သားတွေက အိမ်မီးရှို့တာအပြင် ဆိုင်ကယ်၊ ကားတွေကို ရိုက်ခွဲဖျက်ဆီးတာ၊ အိမ်တွေထဲ ရိုက်ဖွင့်ပြီး ပစ္စည်းတွေကိုပါ ယူကြတယ်လို့ အဲဒီရွာသားတစ်ဦးက ပြောပါတယ်။
တင်းတိမ်ရံရွာဟာ အိမ်ခြေ ၇၀၀ လောက်ရှိတဲ့ ရွာကြီးဖြစ်ပြီး တင်းတိမ်ရံ စံပြဈေးကို ရွားနီးချုပ်စပ်က လာရောက်ရောင်းဝယ်ဖောက်ကားကြတဲ့ အချက်အချာကျတဲ့ ဒေသလည်းဖြစ်တယ်လို့ ဆိုပါတယ်။
နိုဝင်ဘာလ ၁၇ ရက်နေ့ ဒီနေ့မနက်မှာလည်း ရွာထဲမှာ သေနတ်ပစ်ခတ်သံတွေ ကြားနေရပြီး စစ်ကောင်စီ တပ်သားတွေ တပ်စွဲထားတာကြောင့် ဒေသခံတွေ ရွာမပြန်လာရဲဘဲ ပုန်းအောင်းနေကြဆဲပဲလို့ ဒေသခံတွေက ပြောပါတယ်။
အဲဒီရွာဖြစ်စဉ်နဲ့ပတ်သက်ပြီး RFA က သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်း ထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။