ယာဉ်တစ်စီးလုံး အနုကြမ်းစီးခံရတာမဟုတ်ဘဲ တစ်ဦးဆီကပဲ ဖုန်းတွေယူသွားတာလို့ YUPT ပြော
2024.03.13
ရန်ကုန်တိုင်း၊ ပုဇွန်တောင်မြို့နယ်၊ ညောင်တန်းအိမ်ယာအနီးမှာ မတ်လ ၁၂ ရက်နေ့ ညနေပိုင်းက YBS-58 ယာဉ်တစ်စီး အနုကြမ်းစီးရပြီး ခရီးသွားတွေရဲ့ ဖုန်းနဲ့ ပိုက်ဆံတွေပါသွားတယ်လို့ ကိုယ်တိုင်တွေ့ခဲ့ရသူတွေက ပြောပါတယ်။
အဲဒီကိစ္စကို ကိုယ်တိုင်တွေ့ခဲ့ရသူက ယာဉ်ပေါ်မှာစီးနင်းလာတဲ့ ခရီးသည် နှစ်ဆယ်ကျော်ရဲ့ ဖုန်းနဲ့ ငွေတွေကို အနုကြမ်းစီးသူနှစ်ဦးက ယူဆောင်သွားတာလို့ RFA ကို ပြောပါတယ်။
"အဲဒီကား ရပ်တာကိုတွေ့တယ်။ ဒီအတိုင်း မှတ်တိုင်ရပ်တာပဲ ထင်တာပေါ့နော်။ ပြီးတော့ ကားပေါ်က အနက်လက်ရှည်၊ ဂျင်းဘောင်းဘီအရှည်ဝတ်ထားတဲ့ လူငယ်နှစ်ဦးက ဗန္ဓုလတံတားဘက်ကို ဆင်းပြေးသွားတယ်။ ပြီးတော့မှ ဓားပြတိုက် အနုကြမ်းစီးခံရတယ်ဆိုပြီး ကားပေါ်ကလူတွေငိုပြီး ဆင်းပြေးကြတာ"
ခရီးသည်တွေဆီက ကာလတန်ဖိုး ကျပ်ငွေ သိန်းငါးဆယ်ကျော်နီးပါး ပါသွားတာလို့လည်း ဆိုပါတယ်။
ဒီအခြေအနေနဲ့ပတ်သက်ပြီး RFA အနေနဲ့ သီးခြား အတည်ပြုနိုင်တာမျိုးတော့ မရှိသေးပါဘူး။
ရန်ကုန်မြို့ပြ အများပြည်သူသယ်ယူပို့ဆောင်ရေး အများနဲ့သက်ဆိုင်သော ကုမ္ပဏီလီမိတက် (YUPT) ကတော့ အနုကြမ်းစီးခံရတယ်လို့ သတင်းထွက်ပေါ်နေတဲ့အပေါ် တစ်စီးလုံးမဟုတ်ဘဲ ခရီးသည် တစ်ယောက်ဆီကနေသာ ဖုန်းနှစ်လုံး ခြိမ်းခြောက်တောင်းယူခံရတာလို့ ပြောပါတယ်။
လူမှုကွန်ရက်စာမျက်နှာမှာ အနုကြမ်းစီးခံရတယ်လို့ သတင်းတွေဖော်ပြနေတာဟာ အမှားတွေလို့ ရန်ကုန်မြို့ပြ အများပြည်သူသယ်ယူပို့ဆောင်ရေး အများနဲ့သက်ဆိုင်သော ကုမ္ပဏီလီမိတက် (YUPT) ဒါရိုက်တာ ဦးကိုကိုနိုင်က RFA ကို ပြောပါတယ်။
"တစ်စီးလုံး အနုကြမ်းစီးခံရတယ်ဆိုတာ မှားပါတယ်။ အမှန်က ကားပေါ်ပါတဲ့ အမျိုးသားတစ်ယောက်ဆီက နောက်ထပ် အမျိုးသားတစ်ယောက်က ဖုန်းနှစ်လုံးကို ခြိမ်းခြောက် တောင်းယူသွားတာပါ။ ကျွန်တော်တို့ ကားပေါ်မှာ CCTV ကင်မရာ လေးလုံးတပ်ထားပါတယ်။ ဒါတွေကနေ ပြန်ကြည့်လို့ရတယ်"
ခြိမ်းခြောက်ပြီး ဖုန်းတောင်းယူသွားတဲ့ အသက်နှစ်ဆယ်ကျော်အရွယ် အမျိုးသားရဲ့ မျက်နှာပုံစံကိုလည်း CCTV ကတစ်ဆင့် အသေးစိတ်တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။
YBS-58 ယာဉ်လိုင်းဟာ ရန်ကုန်မြို့တွင်း ခြောက်မြို့နယ် မှတ်တိုင်ပေါင်းသုံးဆယ်နီးပါးကို ပြေးဆွဲနေတာ ဖြစ်ပါတယ်။
အများပြည်သူစီးနင်းတဲ့ ယာဉ်ပေါ်မှာ အနုကြမ်းစီးခံရတာက ပြည်သူတွေရဲ့ နေ့စဉ်ဘဝလှုပ်ရှားသွားလာမှုမှာ မလုံခြုံမှုတွေ ခံစားနေရတယ်လို့ ရန်ကုန်မြို့မှာနေထိုင်သူတွေက ပြောကြပါတယ်။