YUPT က ငွေပြန်ပေးဖို့ ရှယ်ယာရှင်နှစ်ရာကျော် တောင်းဆို

နေမျိုးထွန်း
2020.02.04

ရန်ကုန်မြို့ပြ အများပြည်သူ သယ်ယူပို့ဆောင်ရေး အများနဲ့သက်ဆိုင်သော YUPT ကုမ္ပဏီလီမိတက် ရှယ်ယာရှင် နှစ်ရာကျော်က အစုရှယ်ယာတွေ ပြန်လည်ထုတ်ပေးဖို့ တောင်းဆိုလိုက်ပါတယ်။

YUPT ကုမ္ပဏီလီမိတက် ထည့်ဝင်ထားတဲ့ ရှယ်ယာရှင် ၂၂၉ ဦးက သုံးနှစ်လောက်အထိ အရင်ရော၊ အမြတ်ပါ မရရှိတာကြောင့် ရှယ်ယာတွေ ပြန်လည်ထုတ်ပေးဖို့ ရန်ကုန်အခြေစိုက် သတင်းမီဒီယာတွေကို ဒီကနေ့ ရှင်းလင်းပြောကြားခဲ့ပါတယ်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ပြုလုပ်တဲ့ YUPT ကုမ္ပဏီရဲ့ ဒါရိုက်တာ ရွေးချယ်တဲ့အခမ်းအနားမှာ ရှယ်ယာပြန်ထုတ်လိုသူတွေ သဘောထားပေးဖို့ ရှယ်ယာရှင် နှစ်ရာကျော်က ပြန်ထုတ်ဖို့ အကြောင်းပြန်ခဲ့တယ်လို့ ဆိုပါတယ်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ လျှပ်စစ် စက်မှုလက်မှုနဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ရှယ်ယာတွေကို ပြန်လည်ဝယ်ယူမယ်လို့ ပြောကြားခဲ့ပေမယ့် လက်ရှိ သုံးလကျော်ကြာတဲ့အထိ တိကျတဲ့ အဖြေမရရှိသေးဘူးလို့ ရှယ်ယာရှင် ဦးထွန်းဦးက ပြောပါတယ်။

YUPT ကုမ္ပဏီမှာ ရှယ်ယာရှင် ၂၈၉ ဦးရှိပြီး အဲဒီထဲက ၂၂၉ ဦးရဲ့ ရှယ်ယာဟာ ကျပ် ၄ ဘီလီယံကျော်ရှိတယ်လို့ ဆိုပါတယ်။

အခုလို ရှယ်ယာတွေ ပြန်လည်ထုတ်ယူလိုတာဟာ သုံးနှစ်အတွင်း ကုမ္ပဏီ စီမံခန့်ခွဲ အုပ်ချုပ်သူတွေရဲ့ ပွင့်လင်းမြင်သာမှုရှိရှိ မလုပ်ဆောင်ခဲ့တာကြောင့်လို့ ရှယ်ယာရှင်တစ်ဦးဖြစ်တဲ့ ဒေါ်မြင့်မြင့်ခိုင်က ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး သက်ဆိုင်ရာတာဝန်ရှိသူတွေအနေနဲ့ ရှယ်ယာရှင်တွေရဲ့ တောင်းဆိုချက်ကို ဆောင်ရွက်ပေး မှုရှိ မရှိကို သီတင်း ၃ ပတ်ကြာ စောင့်ကြည့်သွားမှာဖြစ်ပြီး ဆောင်ရွက်မပေးပါက တရားဥပဒေအရ တရားစွဲဆို သွားမယ်လို့ ပြောပါတယ်။

ကုမ္ပဏီအနေနဲ့ ပွင့်လင်းမြင်သာမှုမရှိကြောင်း ပြောဆိုချက်နဲ့ ပတ်သက်ပြီး ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နဲ့ YUPT တာဝန်ရှိသူတွေကို RFA က မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူ။

YUPT ကုမ္ပဏီဟာ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ YRTA ရဲ့ လက်အောက်ခံ ကုမ္ပဏီတစ်ခုဖြစ်ပါတယ်။ ကုမ္ပဏီမှာ ရှယ်ယာရှင် ၂၈၉ ဦးရဲ့ ရင်းနှီမြှုပ်နှံငွေ ကျပ် ငါးဘီလီယံ ကျော်ရှိတဲ့အပြင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ကျပ်ငွေ ၃၉ ဘီလီယံ ထည့်ဝင်ထားတယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။