YBS ယာဉ်လိုင်း ၆ လိုင်းက ယာဉ်လုပ်သားတွေ ဆန္ဒပြ


2017.07.20
ybs-protest-ygn-620.jpg YBS ဘတ်စ်ကားတွေမှာ ယာဉ်အကူ (စပယ်ယာ) တွေကို ဖယ်ရှားဖို့ တိုင်းအစိုးရက စီစဉ်နေတဲ့အတွက် ဇူလိုင်လ ၂ဝ ရက်နေ့က ယာဉ်အကူတွေနဲ့ ယာဉ်မောင်းတွေ ဆန္ဒပြကြစဉ်
.

YBS ဘတ်စ်ကားတွေမှာ ယာဉ်အကူ(စပါယ်ယာ)တွကို ဖယ်ရှားဖို့အတွက် တိုင်းအစိုးရက စီစဉ်နေတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ဒီကနေ့ ရွှေပြည်သာမြို့နယ်မှာ ယာဉ်လိုင်း ၆ လိုင်းက ယာဉ်အကူတွေနဲ့ ယာဉ်မောင်းတွေ စုစုပေါင်း အယောက် ၁ဝဝ လောက်က ဆန္ဒပြကြပါတယ်။

ယာဉ်အကူတွေရဲ့ စားဝတ်နေရေးကို ထောက်ထားတဲ့အနေနဲ့ YBS ယာဉ်တွေမှာ ယာဉ်အကူတွေကို အမြဲတမ်း ခန့်ထားစေချင်တဲ့အတွက် အခုလို ဆန္ဒပြတာဖြစ်တယ်လို့ ဆန္ဒပြပွဲကို ဦးဆောင်သူ တစ်ယောက်ဖြစ်တဲ့ ယာဉ်အကူ ကိုကျော်ဇင်ထွန်းက ပြောပါတယ်။

"ဒီ ၂ဝ ရက်နေ့ကစပြီး Cash Box စနစ်ကြောင်းတဲ့ ရုံးကနေပြီးတော့ စပါယ်ယာတွေကို မထားတော့ဘူးတဲ့ အဲ့လိုပြောလို့ ဒီကိစ္စ စပြီးဖြစ်လာတာ။ ဒီမနက်မှာ ပြန်ပြီးကြားလိုက်ရတဲ့ စကားတစ်ခွန်းရှိတာက စပါယ်ယာတွေကိုပေါ့ ယာယီသဘောမျိုး ပြန်ထားမယ်ပေါ့၊ အဲလိုကြားတယ်။ ဒါပေမဲ့ အဲ့လို ယာယီသဘော မျိုးကတော့ ဘယ်သူက လက်ခံမှာလဲ။ စားဝတ်နေရေးတွေပါ ထိကုန်မှာပေါ့။ သူ့မိသားစု ကိုယ့်မိသားစု စားဝတ်နေရေး ပြေလည်အောင်လို့ အမြဲတမ်း ထားစေချင်တယ်ပေါ့ဗျာ"

ဒီနေ့ ဆန္ဒပြပွဲမှာ ၆၁၊ ၆၅၊ ၃၉၊ ၂၃၊ ၂၁ နဲ့ ၄ဝ စတဲ့ ယာဉ်လိုင်းတွေက ယာဉ်အကူတွေနဲ့ ယာဉ်မောင်းတွေက ပါဝင်ပြီး ဆန္ဒပြကြတာဖြစ်ပါတယ်။

ဆန္ဒပြသူတွေဟာ အာဏာရှင်ဆန်တဲ့လုပ်ဆောင်မှု ပပျောက်ရေး၊ အများပိုင်လုပ်ငန်းစစ်စစ် ပီပြင်စွာဖြစ်ပေါ် လာရေး စတဲ့ကြွေးကြော်သံတွေနဲ့ ရွှေပြည်သာမြို့နယ်၊ ည ရပ်ကွက်၊ ယာဉ်လိုင်းအမှတ် ၄ဝ ဂိတ်စကနေ ထန်းခြောက်ပင်မှတ်တိုင်အထိ ချီတက်ဆန္ဒပြကြတာဖြစ်ပါတယ်။

ယာဉ်အကူတွေ မပါဘူးဆိုရင် သက်ကြီးရွယ်အိုနဲ့ ကလေးငယ်တွေကို ကားအတက်အဆင်းမှာ ကူညီပေးမယ့်သူ မရှိတာကြောင့် ကားမောင်းတဲ့အခါမှာ အခက်ခဲဖြစ်နိုင်တဲ့အတွက် ယာဉ်အကူတွေကို ဆက်ပြီးထားစေချင်တယ်လို့ ဆန္ဒပြပွဲမှာ ပါဝင်တဲ့ ယာဉ်မောင်း ကိုအောင်မိုးက ပြောပါတယ်။

ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ YRTA ကတော့ ပိုက်ဆံထည့်တဲ့ ပုံးတွေကို YBS ကားတိုင်းမှာ ဒီနေ့အပြီးနောက်ဆုံးထား တပ်ဆင်ရမယ်လို့ ညွှန်ကြားထားပေမယ့် ယာဉ်အကူတွေနဲ့ ပတ်သက်ပြီးတော့ ဘယ်တော့ရပ်နားမယ်ဆိုတာကိုတော့ ညွှန်ကြားထားတာ မရှိသေးဘူးလို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။