ဂန့်ဂေါမြို့မှာ စစ်တပ်ယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရ
မကွေးတိုင်း၊ ဂန့်ဂေါမြို့မှာ အောက်တိုဘာလ ၅ ရက် မနေ့ညနေပိုင်းက ဂန့်ဂေါဘက်ကို ချီတက်လာတဲ့ အစီးရေ ၅၀ ကျော်ပါ စစ်ကောင်စီယာဉ်တန်း မိုင်းခွဲတိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှုတွေရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ယောကာကွယ်ရေးတပ် (YDF – Gangaw) ကတော့ စစ်ကောင်စီယာဉ်တန်းကို ညနေ ၃ နာရီခွဲခန့်မှာ ပဒေသာဆွဲမိုင်း ၁၄ လုံးနဲ့ တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကားငါးစီးနဲ့ တင့်ကားတစ်စီး ပျက်စီးခဲ့သလို စစ်ကောင်စီတပ်သား ၄၀ ကျော် သေဆုံးကာ ၃၀ ခန့် ဒဏ်ရာရခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
မိုင်းခွဲတိုက်ခိုက်မှုဖြစ်ပြီးပြီးချင်း စစ်ကောင်စီဘက်က လက်နက်ကြီးတွေအပြင် စက်သေနတ်တွေနဲ့ပါ ပစ်ခတ်မှုတွေရှိခဲ့တယ်လို့ YDF-Gangaw က ဆိုပါတယ်။
YDF – Gangaw က ထုတ်ပြန်တဲ့ စစ်ကောင်စီတပ်သားတွေ ထိခိုက်သေဆုံးမှုအပေါ် RFA အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
စစ်ကောင်စီဘက်ကလည်း မိုင်းခွဲတိုက်ခိုက်ခံရမှုနဲ့ ပတ်သက်ပြီး တစ်စုံတစ်ရာ သတင်းထုတ်ပြန်တာ မရှိသေးသလို စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကိုလည်း RFA က ဆက်သွယ်ဖို့ ကြိုးစား နေပါတယ်။
ပြည်သူတွေအနေနဲ့ လတ်တလော စစ်ရေးအခြေအနေအရ ဂန့်ဂေါ - ကလေးကားလမ်းနဲ့ ဂန့်ဂေါ - ထီးလင်း ကားလမ်းတစ်လျှောက်မှာ ခရီးသွားလာခြင်းမလုပ်ဖို့ YDF – Gangaw က ထုတ်ပြန်ထားပါတယ်။