ဈေးအတွင်း အသံချဲ့စက်နဲ့ မဲဆွယ်သီချင်း မဖွင့်ဖို့ ရေးစည်ပင် တားမြစ်
2020.10.09
မွန်ပြည်နယ်၊ ရေးမြို့နယ်က စည်ပင်ပိုင်ဈေးတွေမှာ ဆိုင်ခန်းပိုင်ရှင်တွေအနေနဲ့ အသံချဲ့စက်တွေနဲ့ မဲဆွယ်ရေး သီချင်းတွေဖွင့်ပြီး ကခုန်တာတွေ လုပ်ဆောင်ခွင့်မရှိကြောင်း စည်ပင်သာယာရေးအဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။
မွန်ပြည်နယ်၊ ရေးမြို့နယ်က စည်ပင်သာယာရေးအဖွဲ့ပိုင် ဝင်းသုခရတနာရွှေဈေးထဲမှာ ဆိုင်ခန်းရှင်တွေက အသံချဲ့စက်တွေဖွင့်ပြီး တစ်ပါတီနဲ့ တစ်ပါတီ ထောက်ခံသူတွေကြား အပြိုင်အဆိုင် မဲဆွယ်စည်းရုံးမှုတွေ ရှိခဲ့ပါတယ်။
ဒါ့ကြောင့် မဲဆွယ်သီချင်းတွေကို အသံချဲ့စက်တွေနဲ့ဖွင့်ပြီး အများသူငါ အနှောင့်အယှက်ဖြစ်အောင် မလုပ်ဖို့ မြို့နယ်စည်ပင်သာယာရေးအဖွဲ့က အောက်တိုဘာ ၆ ရက်နေ့က ဈေးဆိုင်ခန်းရှင်တွေဆီ အကြောင်းကြားစာ ပေးပို့ခဲ့ပါတယ်။
ဒီဈေးမှာ MUP ပါတီထောက်ခံသူတွေနဲ့ NLD ထောက်ခံသူရော နှစ်ဖက်လုံးက သီချင်းတွေဖွင့်ပြီး မဲဆွယ်စည်းရုံး ခဲ့ကြတာပါ။
တိုင်ကြားတာတွေကြောင့် စည်ပင်က အကြောင်းကြားစာ ပို့လာတာလို့ ရေးမြို့ ဝင်းသုခရတနာရွှေဈေးက ထိုက်သူ ရွှေဆိုင်ပိုင်ရှင် မိခင်မြက ပြောပါတယ်။
“စည်ပင်ထုတ်ထားတာက ၆ ရက်နေ့ ထုတ်တယ်၊ သူတို့လာစစ်တဲ့အချိန်က ၄ ရက်နေ့၊ စည်းကမ်းချက်က ကျန်တာက ဒို့လိုက်နာနိုင်တယ်၊ မဲစည်းရုံးမရဘူးဆိုတာတော့ သိပ်အဆင်မပြေဘူး၊ မကြိုက်ဘူးပေါ့နော်၊ ဒို့က နေအေးတဲ့အချိန် ဈေးသည်တွေလည်း ပိတ်ကုန်ပါပြီ၊ နည်းနည်းပါးပါး မွန်သီချင်းကို ကိုယ်က မွန်လူမျိုးဆိုတော့ မွန်သီချင်းလေး နားထောင်ချင်တယ်၊ အေးအေးဆေးဆေးဆိုတော့ ကတဲ့သူက ကကြတယ်၊ နည်းနည်းပါးပါးပေါ့၊ တစ်အားကြီးကိုလည်း မဟုတ်ဘူး၊ အဲဒီအချိန်မှာ သူတို့က တိုင်တယ်ဆိုတော့လည်း ကိုယ်လည်း မသိနိုင်ဘူး၊ ကိုယ်က အေးအေးဆေးဆေး ကတယ်ဆိုတော့ ကိုယ်ဟာနဲ့ ကိုယ်ပဲလေ၊ ဘယ်သူကိုမှ အနှောင့်အယှက်မဖြစ်ဘူး”
မဲဆွယ်စည်းရုံးရာမှာ ရွေးကောက်ပွဲကော်မရှင်ရဲ့ ဥပဒေထဲ ဈေးတွေ၊ စာသင်ကျောင်းတွေ၊ ဌာနဆိုင်ရာရုံးတွေကို အနှောင့်အယှက်မဖြစ်ဖို့ စတဲ့အချက်တွေ ပါရှိတာကြောင့် အခုလို တားမြစ်လိုက်တာလို့ ရေးမြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးကိုကိုနိုင်က RFA ကို ပြောပါတယ်။
“ကော်မရှင်က သက်မှတ်စည်းကမ်းတွေနဲ့ မညီညွတ်တဲ့ကိစ္စတွေ ကျွန်တော်ဈေးမှာ မဆောင်ရွက်စေချင်တဲ့ သဘောပါ၊ ဘာကြောင့်လဲဆိုတော့ ပါတီတွေက အများကြီးရှိကြတယ်၊ သူ့ပါတီလုပ်ရင် ငါ့ပါတီလုပ်မယ်၊ သူ့ပါတီက ဒီလိုလုပ်နေပြီး စည်ပင်သာယာက မတားဘူးလား၊ ဘာကြောင့်ခွင့်ပြုတာလဲဆိုတဲ့ ကိစ္စတွေ ကျွန်တော်တို့ ဌာနအပေါ်မှာ အမြင်ပေါ့၊ မသိတဲ့သူတွေကလည်း တစ်မျိုးမြင်နိုင်တယ်၊ သိတဲ့သူတွေကလည်း စည်းပင်သာယာက မထိန်းသိမ်းဘူးလား၊ ခွင့်ပြုထားတာလားဆိုတဲ့ မလိုလားအပ်တဲ့ အခြေနေလေးတွေ၊ ရှုပ်ထွေးမှုလေးတွေ ဖြစ်လာနိုင်လို့ ကျွန်တော် မဲဆွယ်စည်းရုံးတဲ့ကိစ္စကိုပါ မဆောင်ရွက်ဖို့ တားမြစ်ခြင်းဖြစ်တယ်၊ သူတို့က ဆောင်ရွက်ချင်တယ်၊ ဆောင်ရွက်ခွင့်ရှိမယ်ဆိုရင်လည်း ကော်မရှင်ကို တင်ပြရင် ကော်မရှင်က ကျွန်တော်တို့ဌာနကို ညှိနှိုင်းမှာပဲ၊ ဌာနခွင့်ပြုချက်လည်း လိုအပ်ကောင်း လိုအပ်မယ်”
ရေးမြို့ ဝင်းသုခရတနာရွှေဈေးမှ သစ္စာမွန်ရွှေဆိုင်ပိုင်ရှင် ဦးတိုက်စိုးက စည်ပင်က အခုလို ကန့်သတ်လိုက်တဲ့အပေါ် ကြိုဆိုလိုက်ပါတယ်။
“ကျွန်တော်တို့ဈေးမှာကတော့ နှစ်ဖက်လုံးက သီးချင်းဖွင့်ပြီးတော့ ဟိုဗျာ မဲဆွယ်စည်းရုံးကြ၊ ဒီအပေါ်မှာတော့ ကျွန်တော်အနေနဲ့ ပြောချင်တာကတော့ ဈေးဆိုတော့ပေါ့ဗျာ။ ဈေးဝင်းထဲမှာ ဈေးရောင်း၊ ဈေးဝယ်သမားတွေ အနှောင့်အယှက်ဖြစ်မှာကြောင့်လို့ ဈေးအတွင်းမှာတော့ ဒီလိုမျိုး ဟော်ဟစ်၊ ကခုန်၊ သီဆို၊ ဆောင်းဘောက်ဖွင့်တာတွေကိုတော့ မလုပ်သင့်ဘူးလို့ ကျွန်တော်အနေနဲ့ ထင်တယ်၊ ဘာကြောင့်လဲဆိုတော့ ဈေးရောင်း၊ ဈေးဝယ် ဈေးသူ၊ ဈေးသားတွေ အနှောင့်အယှက်ဖြစ်မယ်။ ကိုယ့်ဆိုင်ကိုလာလို့ ဈေးဝယ်သမားတွေကို မဲဆွယ်စည်းရုံးတဲ့ နေရာမှာကတော့ ပြောဆိုတာကတော့ ဒါကတော့ စည်းရုံးပြောဆိုလို့တော့ သင့်တော်တယ်လို့တော့ ကျွန်တော်ထင်တယ်”
ရေးမြို့နယ်က စည်ပင်ပိုင်အခြားဈေးတွေမှာ ဒီလိုလှုပ်ရှားမှုတွေ မရှိသေးကြောင်းနဲ့ ရှိလာခဲ့ရင်လည်း တားမြစ်သွားမှာဖြစ်တယ်လို့ ရေးမြို့နယ် စည်ပင်သားယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးကိုကိုနိုင်က ပြောပါတယ်။
မွန်တိုင်းရင်းသားလူဦးရေ တစ်သိန်းခွဲနဲ့ ဗမာတိုင်းရင်းသားလူဦးရေ ငါးသောင်း ဝန်းကျင်ရှိတဲ့ ရေးမြို့နယ်မှာ မွန်ညီညွတ်ရေးပါတီ (MUP) ထောက်ခံသူတွေနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ထောက်ခံသူတွေအကြား လူမှုကွန်ရက်စာမျက်နှာတွေမှာလည်း ပွတ်တိုက်မှုတွေ ရှိနေပါတယ်။
----------------
(၂၀၂၀ ရွေးကောက်ပွဲဝင်မယ့် အထင်ကရ နိုင်ငံရေးပါတီတွေ၊ ရွေးကောက်ပွဲဆိုင်ရာ အချက်အလက်တွေနဲ့ သတင်းပေးပို့ချက်တွေကို RFA ရွေးကောက်ပွဲအထူးအစီအစဉ် စာမျက်နှာမှာ တစုတစည်းတည်း လေ့လာကြည့်ရှုနိုင်ပါတယ်။)