ရေဦးမြို့ ရွာသုံးရွာက ဒေသခံ ငါးရာကျော် ထွက်ပြေးနေရ

RFA Burmese
2023.05.02
ရေဦးမြို့ ရွာသုံးရွာက ဒေသခံ ငါးရာကျော် ထွက်ပြေးနေရ စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်မှ စစ်ဘေးဒုက္ခသည်များအား ၂၀၂၃ ခုနှစ် မေလ ၁ ရက်နေ့က တွေ့ရစဉ်။
Citizen Journalist

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်အတွင်းက ရွာသုံးရွာကို ဧပြီလ ၃၀ ရက်ကနေ မေလ ၁ ရက်နေ့အထိ စစ်ကောင်စီတပ်သားတွေ ဝင်ရောက်မီးရှို့တာကြောင့် နေအိမ် ၈၀ နီးပါး မီးလောင်ပျက်စီးပြီး ဒေသခံ ငါးရာကျော် ထွက်ပြေးနေရတယ်လို့ စစ်ဘေးဒုက္ခသည်အရေး ကူညီနေသူတွေက ပြောပါတယ်။

ဧပြီလ ၃၀ ရက်နေ့မှာ ငြုပ်တုံရွာ၊ မေလ ၁ ရက်နေ့မှာ ဆယ်ကြီးရွာနဲ့ ပေါက်သာရွာတို့ကို အင်အား ၈၀ နီးပါးရှိတဲ့ စစ်ကောင်စီတပ်စစ်ကြောင်း ဝင်ရောက်မီးရှို့ခဲ့တာလို့ ဆိုပါတယ်။

လက်ရှိ စစ်ကြောင်း ရွာကနေပြန်လည်ထွက်ခွာသွားပေမယ့် လုံခြုံမှုမရှိတာကြောင့် ဒေသခံတွေ နေအိမ်ကို မပြန်ရဲသေးဘူးလို့ အမည်မဖော်လိုတဲ့ ဆယ်ကြီးရွာခံတစ်ဦးက RFA ကို ပြောပါတယ်။

"စစ်ကြောင်းတွေက ရေဦးတိုက်နယ် ဆေးရုံထဲကို ပြန်ဝင်သွားကြပါပြီ၊ နယ်မြေ ရှင်းလင်းရေးလုပ်တဲ့ သဘောပေါ့နော်။ တစ်ရွာဝင်တစ်ရွာထွက် နေအိမ်တွေကို မီးရှို့တာဆိုတော့လေ။ မြေပြင်မှာ တိုက်ပွဲလည်းမဖြစ်ဘဲ အခုလို နေအိမ်တွေမီးရှို့တာက ပြည်သူတွေ လမ်းဘေးနေ၊ လမ်းဘေးစား ဖြစ်ရတာပေါ့ဗျာ"

ပျက်စီးသွားတဲ့ နေအိမ်အများစုဟာ မီးလောင်အားကောင်းတဲ့ ပျဉ်ထောင်အိမ်တွေဖြစ်ပြီး အိမ်ထောင်ပရိဘောဂပစ္စည်းတွေပါမကျန် မီးလောင်ကျွမ်းသွားတာလို့ ဆိုပါတယ်။

အခုကာလဟာ ရာသီဥတုပူပြင်းတာကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေရတဲ့ စစ်ဘေးဒုက္ခသည်တွေအတွက် အမိုးအကာနဲ့ သောက်သုံးရေ အရေးတကြီး လိုအပ်နေတယ်လို့ စစ်ဘေးဒုက္ခသည်အရေး ကူညီနေသူတွေက ပြောပါတယ်။

ဒါ့အပြင် သက်ကြီးရွယ်အိုနဲ့ ကလေးသူငယ်တွေအတွက်လည်း အခြေခံဆေးဝါးတချို့ ဖူလုံမှုမရှိဘူးလို့ စစ်ဘေးဒုက္ခသည်အရေး ကူညီနေသူတွေက ဆိုပါတယ်။

စစ်ဘေးဒုက္ခသည်တွေကို ကူညီထောက်ပံ့ပေးနေတဲ့ အခြေအနေသိရဖို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောရေးဆိုခွင့်ရှိသူ တိုင်းလူမှုရေးဝန်ကြီး ဦးအေးလှိုင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံ‌ဖြေဆိုခြင်း မရှိပါဘူး။

စစ်ကြောင်းတွေကြောင့် ရေဦးမြို့နယ်နဲ့ ဒီပဲယင်းမြို့နယ်အစပ်မှာရှိတဲ့ မူးသာကုန်း၊ လက်ယက်ကုန်း၊ အောင်ချမ်းသာ၊ သရက်တော၊ နဘဲလှ၊ ကံကုန်း၊ ညောင်ကြီးကုန်း၊ ဝဲကြီး၊ ပေါက်သာ၊ ဆယ်ကြီး၊ ညောင်လှ၊ မဲအိုးစတဲ့ ရွာပေါင်း ၂၀ ကျော်က ဒေသခံ သုံးထောင် ကျော်ဟာ အခုနှစ်အစောပိုင်းကတည်းက ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။