ရေဖြူမှာ လက်နက်ကြီးကြောင့် ကလေးငယ်တစ်ဦးအပါအဝင် သုံးဦးသေဆုံး
2024.06.08

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင် ရေဖြူမြို့နယ် ရားဖူးရွာသစ်ကို ဇွန်လ ၇ ရက်နေ့ မနက်ပိုင်းမှာ စစ်ကောင်စီ ရေတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် ကလေးငယ်တစ်ဦးအပါအဝင် သုံးဦးသေဆုံးပြီး တစ်ဦးဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
လက်နက်ကြီးကျည်ဟာ ရားဖူးရွာသစ်အဝင်က နေအိမ်အနီးမှာ ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ကိုးလအရွယ် ကလေးငယ်တစ်ဦး၊ အသက် ၃၀ ကျော်အရွယ် အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပြီး အသက် ၁၄ နှစ်အရွယ် ယောက်ျားလေးတစ်ဦးကတော့ ဒဏ်ရာရခဲ့တာလို့ ဆိုပါတယ်။
ရားဖူးရွာသစ်နဲ့ ခုနစ်မိုင်ကျော်မှာရှိတဲ့ မောရဝတီရေတပ်စခန်းဌာနချုပ်ကနေ ပစ်ခတ်ခဲ့တာလို့ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
"မောရဝတီကနေ လက်နက်ကြီးနဲ့ပစ်တာမှာ သေကုန်တာပေါ့ဗျာ။ တိုက်ပွဲလည်းမဖြစ်ဘဲနဲ့ ပစ်တာ။ မိသားစုဝင်သုံးဦးမှာ အမျိုးသားဖြစ်သူက နေအိမ်ထဲမှာတင် လက်နက်ကြီးစ ဗိုက်ကိုဝင်ပြီး ဆုံးတယ်။ ကလေးနဲ့ အမျိုးသမီးက ဆေးရုံသွားတဲ့လမ်းမှာ ဆုံးတယ်။ နောက်ထပ် သူတို့အိမ်ကို အလည်ရောက်နေတဲ့ ကလေးတစ်ဦးကတော့ ဒဏ်ရာနည်းနည်းပါးပါး ရပါတယ်”
ဒဏ်ရာရသူကို ဆေးကုသပေးထားပြီး အသက်အန္တရာယ်တော့ စိုးရိမ်စရာမရှိတော့ဘူးလို့ ဆိုပါတယ်။
လက်နက်ကြီးကြောင့် ရွာထဲက နေအိမ်ဆယ်လုံးကျော် ထိခိုက်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ တနင်္သာရီတိုင်းပြောခွင့်ရသူ လူမှုရေးဝန်ကြီး ဦးသက်နိုင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုခြင်းမရှိပါဘူး။
RFA ရဲ့ စာရင်းအရ လေကြောင်းနဲ့ လက်နက်ကြီးကြောင့် အခုနှစ် ဇန်နဝါရီလကနေ မေလအထိ ငါးလအတွင်း အရပ်သား ခုနစ်ရာနီးပါး (၆၆၂ ဦး) သေဆုံးပြီး တစ်ထောင့်ငါးရာနီးပါး (၁၄၉၂ ဦး) ဒဏ်ရာရခဲ့ပါတယ်။