ဗဟန်းမှာ အငြိမ်းစားဗိုလ်မှူး ပစ်သတ်ခံရပြီးနောက် ပြည်သူ ရှစ်ဦး ဖမ်းဆီးခံထားရ

RFA Burmese
2023.05.01
ဗဟန်းမှာ အငြိမ်းစားဗိုလ်မှူး ပစ်သတ်ခံရပြီးနောက် ပြည်သူ ရှစ်ဦး ဖမ်းဆီးခံထားရ သေနတ်နှင့် ပစ်သတ်ခံရသည့် အငြိမ်းစား ဗိုလ်မှူးဟောင်း ဦးရဲမင်းသန်းအား ၂၀၂၃ ခုနှစ် ဧပြီလ ၂၉ ရက်နေ့က တွေ့ရစဉ်။
Citizen Journalist

ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ် ကျိုက္ကဆံရပ်ကွက်မှာ ဧပြီလ ၂၉ ရက်နေ့က အငြိမ်းစားဗိုလ်မှူး ဦးရဲမင်းသန်း သေနတ်နဲ့ ပစ်သတ်ခံရတဲ့ညမှာပဲ အသက်မပြည့်သေးတဲ့ ကလေးငယ်နှစ်ဦးနဲ့ အမျိုးသမီးနှစ်ဦး အပါအဝင် ရပ်ကွက်နေပြည်သူ ရှစ်ဦး ဖမ်းဆီးခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အသက် ၁၃ နှစ်အရွယ် ယောက်ျားလေးနှစ်ဦး၊ သက်လတ်ပိုင်းနဲ့ သက်ကြီးပိုင်း အမျိုးသမီးနှစ်ဦးနဲ့ လူလတ်ပိုင်း အမျိုးသားလေးဦး ဖမ်းဆီးခံခဲ့ရပြီး ဒီနေ့အထိ မိသားစုဝင်တွေနဲ့ အဆက်အသွယ် မရသေးဘူးလို့ ဆိုပါတယ်။

စစ်ကောင်စီတပ်သားတွေဟာ နေအိမ်တွေကို ဧည့်စာရင်းဝင်စစ်ရင်း ဖုန်းတွေကိုပါစစ်ပြီး ဖမ်းဆီးသွားတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“ဧည့်စာရင်းဆိုပြီး ဆဲဆိုတံခါးတွေဆောင့်ကန် အတင်းဖွင့်ခိုင်းတယ်။ ဖုန်းတွေစစ်ဆေးခံရပြီး ပါကြတာပါ။ Like & Share လုပ်တဲ့ သာမန်ပြည်သူတွေကို ဖမ်းတာပါ”

ရှစ်ဦးစလုံးဟာ ဦးရဲမင်းသန်း နေထိုင်တဲ့ ကျိုက္ကဆံရပ်ကွက်၊ ကြောင်မျက်ရှင်လမ်းက သာမန်ပြည်သူတွေဖြစ်ပြီး လက်ရှိလေးဦးက ဗဟန်းရဲစခန်းမှာ ထိန်းသိမ်းခံထားရသလို ကျန်လေးဦးကိုတော့ စစ်ကြောရေးမှာ စစ်ဆေးနေတယ်လို့ ဆိုပါတယ်။

ဖမ်းဆီးခံရသူတွေဟာ ဗိုလ်မှူးဟောင်း ဦးရဲမင်းသန်း ပစ်သတ်ခံရမှုနဲ့ ဆက်နွှယ်မှုရှိမရှိကိုတော့ RFA အနေနဲ့ သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း တစ်စုံတစ်ရာထုတ်ပြန်တာ မရှိသေးပါဘူး။

ဗိုလ်မှူးဟောင်း ဦးရဲမင်းသန်းဟာ တော်လှန်ရေးရဲဘော်တွေကို မတရားလိုက်လံဖမ်းဆီးရာမှာ ထိပ်ဆုံးက ပါဝင်တဲ့အတွက် သေနတ်နဲ့အနီးကပ်ပစ်ခတ်ရှင်းလင်းခဲ့တာလို့ ဗဟန်းမြို့ပြပြောက်ကျားတပ်ဖွဲ့ (Bahan’s Guerrilla Force) က ဧပြီလ ၃၀ ရက်နေ့မှာ အတည်ပြုထုတ်ပြန်ထားပါတယ်။

ဧပြီလ ၂၂ ရက်နေ့ကလည်း ရန်ကုန်တိုင်း၊ တောင်ဥက္ကလာပမြို့နယ်မှာ စစ်ကောင်စီရဲ့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဒုတိယညွှန်ကြားရေးမှူးချုပ် အငြိမ်းစားဒုဗိုလ်မှူးကြီး ဦးစိုင်းကျော်သူ သေနတ်နဲ့ ပစ်သတ်ခံခဲ့ရပါတယ်။

အဲဒီပစ်ခတ်မှုကိုတော့ မြို့ပြတော်လှန်ရေးအဖွဲ့ For the Yangon က သူတို့လက်ချက်ဖြစ်တယ်လို့ RFA ကို အတည်ပြုခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။