ရေစကြိုမြို့နယ် ငမြာကြီးရွာ မြစ်ရေကြီးလို့ ကမ်းပါးပြို
2013.09.11
ချင်းတွင်းနဲ့ ဧရာဝတီမြစ်ဆုံရာ ရေစကြိုြမို့နယ်ထဲက ငမြာကြီးရွာမှာ မြစ်ရေကြီးလို့ ကမ်းပါးပြိုတဲ့အတွက် လူနေအိမ်တချို့နဲ့ စာသင်ကျောင်း ပျက်စီးသွားတယ်လို့ သိရပါတယ်။
ဒီနေ့မနက်ဖြစ်တဲ့ မြစ်ကမ်းပါးပြိုမှုမှာ နေအိမ်တွေရေထဲမပါသွားအောင် အိမ် ၅ လုံးဖျက်လိုက်ရပြီး၊ ပြီးခဲ့တဲ့ သတင်းပတ်တွေကတော့ စာသင်ကျောင်းတစ်ကျောင်းနဲ့ အိမ် ၁၁ လုံး ဖျက်လိုက်ရပါတယ်။
အိမ်ဖျက်လိုက်ရသူတွေအတွက် လတ်တလော နေစရာအခက်အခဲဖြစ်နေတဲ့အပြင် ရေရှည်မှာလည်း ဘယ်နေရာမှာနေရမယ်ဆိုတာ မသိသေးဘူးလို့ ငမြာကြီးရွာက မြငိမ်းမာက RFA ကိုပြောပါတယ်။
“ကျမတို့က ကမ်းနားမှာနေရတော့ မိုးရေရော ဒီကမြစ်ရေကြီးတာရောဆိုတော့ ရေများပြီး ရေစီးကမ်းပြိုလိုက်တာလေ၊ ဒီနေ့မနက်ကို အိမ် ၅ လုံး ဖျက်နေရတယ်၊ မနက်ခင်း ၇ နာရီ ၄၅ မိနစ်ကနေ ဖျက်ရတာပဲ၊ စောစောရက်က အိမ် ၁၁ လုံးနဲ့ စာသင်ကျောင်းနဲ့က ဖျက်ပြီးပြီ၊ ဒီနေ့ပြိုတာ ရွာထိပ်ကနေပြိုကျတာ ၅ လံ ၂ ခါလောက်ပြိုတော့ ၁ဝ လံလောက်ပြိုသွားတယ်၊ မနက်က ကယ်တော်မူပါလို့ ကျမတို့အော်ရတာ၊ ဒီမှာက သူတို့စာသင်ကျောင်းတစ်ခုတောင်မှ တော်တော်အတိုက်အခံပြောပြီးတော့မှ သူတို့ကပေးထားတာလေ၊ ရွာကကျတော့ နေရာမရှိသေးဘူး၊ ဒီကနေ့ဖျက်တဲ့အိမ်တွေဆို လမ်းပေါ်ပဲနေရဦးမှာ၊ ဘယ်လိုနေရမယ် ဘာညာမသိသေးဘူး၊ ဖျက်သာဖျက်သာလေ၊ ကျမတို့မှာ နေစရာမရှိသေးဘူးပေါ့”
မြစ်ရေက ရွာထဲအထိဝင်နေပြီး အမြင့် ၂ ပေလောက်ရှိတယ်လို့ဆိုပါတယ်။ လောလောဆယ်မှာတော့ ရဲတပ်ဖွဲ့ဝင်နဲ့ မီးသတ်တပ်ဖွဲ့ဝင်တချို့ ဝိုင်းဝန်းကူညီနေတယ်လို့ သိရပါတယ်။