ရေစကြိုမြို့ အဝင်လမ်းတွေ ဖျက်ဆီးခံထားရလို့ ဒေသခံတွေ သွားလာရေးခက်ခဲနေ
2023.01.23

မကွေးတိုင်း၊ ရေစကြိုမြို့ အဝင်လမ်းတွေကို ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁၆ ရက်နေ့နဲ့ ၁၇ ရက်နေ့ကတည်းက စစ်ကောင်စီတပ်သားတွေ လာရောက်ဖျက်ဆီးထားလို့ ကုန်စည် ကူးသန်းရောင်းဝယ်ရေးနဲ့ သွားလာရေး ခက်ခဲနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရေစကြို့မြို့နဲ့ တောင်ဘက်ရွာတွေဖြစ်တဲ့ ရွှေကျောင်း၊ ပေါက်တော၊ ရွာသစ်နဲ့ ညောင်ဇောက် စတဲ့ရွာတွေကို ဆက်သွယ်ထားတဲ့ နေရာလေးခုကို လူတစ်ရပ်ကျော် နက်တဲ့အထိ မြေတူးယာဉ် (ဘူဒိုဇာ) နဲ့ ထိုးဖျက်ထားတာလို့ ဆိုပါတယ်။
ဒါကြောင့် ရေလယ်ကျွန်းဘက်ရွာတွေနဲ့ ပခန်းကြီးအရှေ့ဘက်ခြမ်းရွာတွေက ဒေသခံတွေဟာ သွားလာရေးနဲ့ ရောင်းဝယ်ဖောက်ကားဖို့ အခက်အခဲဖြစ်နေတယ်လို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
"မြို့ပေါ်သွားပြီးတော့မှ ဒီဘက်ကကုန်တွေ ရောင်းရတယ်။ ဟိုဘက်ကကုန်တွေ ပြန်ယူရတယ်ဆိုတော့ အဲဒါကြီးက တော်တော်ကြီးကို ခက်ခဲတယ်ဗျ။ အရင်တုန်းက သုံးဘီးနဲ့သယ်ရမယ့် လမ်းကြောင်းမှာ ဆိုင်ကယ်နဲ့ ခေါက်တုံ့ခေါက်ပြန် သယ်နေရတယ်"
ရေစကြိုမြို့ပေါ်ကို ပခုက္ကူ - မုံရွာလမ်းမကြီးဘက်ကနေ လာလို့ရပေမယ့် စစ်ကောင်စီရဲ့ စစ်ရေးဂိတ်တွေနဲ့ ဖမ်းဆီးစစ်ဆေးမှုတွေများတာကြောင့် သွားလာလို့ အဆင်မပြေဘူးလို့ ဆိုပါတယ်။
မြို့ပေါ်လာရတဲ့ ဒေသခံတွေ လွယ်လွယ်ကူကူ လာလို့မရတော့ဘူးလို့ ရေစကြိုမြို့ခံ တစ်ဦးက RFA ကို ပြောပါတယ်။
"အဲဒီ မြို့ပတ်လမ်းကို သူတို့ဖျက်ဆီးထားတယ် ဘူဒိုဇာနဲ့ ထိုးပြီးတော့။ ပြောရမယ်ဆိုရင် ရေလယ်ကျွန်းဘက်က လာတဲ့သူတွေ ခက်ခဲသွားပြီ။ ရွှေကျောင်းတို့ ပေါက်တောတို့ အရှေ့ဘက်ကမ်းကသူတွေ မြို့ပေါ်ဝင်ဖို့ကို လမ်းပန်းခက်ခဲသွားပြီပေါ့ဗျာ။ လွယ်လွယ်ကူကူ သွားလာလို့ အဆင်မပြေတော့ဘူးပေါ့"
စစ်ကောင်စီတပ်ဟာ ရေစကြိုမြို့အဝင်လမ်းကို တစ်လမ်းတည်းသာထားပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ မြို့ထဲကို အလွယ်တကူမဝင်နိုင်အောင် လုပ်နေတာလို့ ဒေသခံတွေက ပြောပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ မကွေးတိုင်းပြောခွင့်ရသူ ဦးစိုးပိုင်မြင့်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာမရှိပါဘူး။
၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁၂ ရက်နေ့က ရေစကြို့မြို့ပေါ်မှာရှိတဲ့ လဝကရုံးကို PDF တွေ မီးရှို့ခဲ့ပြီးနောက် ရွာအဝင်လမ်းတွေကို စစ်ကောင်စီတပ်က ဖျက်ဆီးခဲ့သလို မြို့ပေါ်မှာလည်း နေရာအနှံ့ ကင်းပုန်းဝပ် စောင့်ကြည့်စစ်ဆေးနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။