ရေဦးမှာ စစ်ကြောင်းဝင်လာချိန် ဒေသခံနှစ်ဦးသတ်ဖြတ်ခံရ

RFA Burmese
2024.02.06
ရေဦးမှာ စစ်ကြောင်းဝင်လာချိန် ဒေသခံနှစ်ဦးသတ်ဖြတ်ခံရ စစ်ကိုင်းတိုင်း ရေဦးမြို့နယ်အနောက်ခြမ်းတွင် စစ်ကောင်စီတပ် စစ်ကြောင်းထိုးနေသဖြင့် ထွက်ပြေးနေကြရသည့် ဒေသခံများအား ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁၅ ရက်နေ့က တွေ့ရစဉ်။
People's Defense Comrade

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ် ကုက္ကိုစုရွာကို ဖေဖော်ဝါရီလ ၆ ရက် ည ၁၁ နာရီလောက်မှာ စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းပြီးနောက် ဒီမနက်မှာတော့ ရွာထဲမှာသတ်ဖြတ်ခံထားရတဲ့ ရွာခံနှစ်ဦးရဲ့အလောင်းတွေကို တွေ့ရှိခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

သေဆုံးသူတွေက ကုက္ကိုစုရွာသား အသက် ၂၈ နှစ်အရွယ် ကိုဇော်သန်းထိုက်နဲ့၊ အသက် ၃၁ နှစ်အရွယ် ကိုသိန်းသန်းကြွယ်တို့ဖြစ်ပြီး လည်ပင်းကိုလှီးဖြတ်ပြီး သတ်ဖြတ်ခံရတာလို့ ဒေသခံတစ်ဦးကပြောပါတယ်။

“ကုက္ကိုစုက ည ၁၁ လောက်ဆိုတော့ အိပ်ချိန်ပေါ့နော်။ အဲဒီကိုဝင်ပြီးတော့ ပြည်သူနှစ်ယောက်ကိုသတ်သွားတယ်။ သူတို့သတ်ပုံသတ်နည်းက သေနတ်နဲ့ပစ်တာမဟုတ်ဘူး။ လည်လှီးသတ်သွားတာ”

စစ်ကြောင်းဝင်လာတာကြောင့် ရွာသာလေး၊ ကုက္ကိုစု၊ ပဋိကတ်ကျ၊ လိပ်စွန်း၊ ညောင်လှ စတဲ့ရွာတွေက ဒေသခံငါးထောင်ခန့် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဆိုပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး တုံ့ပြန်မှုရဖို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်ကို RFA က ဒီမနက် တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်းမရှိသေးပါဘူး။

ဇန်နဝါရီ ၁၈ ရက်ကလည်း ရေဦးမြို့နယ်နဲ့ကပ်လျက် ဒီပဲယင်းမြို့နယ် မဲအိုးရွာကို စစ်ကောင်စီတပ်ကဝင်ရောက်စီးနင်းချိန် လူငါးဦးဟာ ဦးခေါင်းနဲ့ ကိုယ်လက်အင်္ဂါတွေ အပိုင်းပိုင်းဖြတ်တောက်ပြီး သတ်ဖြတ်ခံရတာရှိခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၃၀ ရက်နေ့ကလည်း ရေဦးမြို့နယ် မစိုးရိမ်ရွာကို စစ်ကောင်စီတပ်ကဝင်ရောက်စီးနင်းချိန် လူငါးဦးသတ်ဖြတ်ခံရပြီး အဲဒီထဲက လူချို့ဟာ ခေါင်းဖြတ်သတ်ဖြတ်ခံရတာလို့ ဒေသခံတွေနဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ဖေဖော်ဝါရီလ ၆ ရက်အထိ စာရင်းအရ အာဏာသိမ်းပြီးနောက် သေဆုံးခဲ့ရတဲ့ ဒီမိုကရေစီအရေး လှုပ်ရှားသူတွေနဲ့ ပြည်သူစုစုပေါင်း ၄၄၈၅ ဦးအထိ ရှိလာပါပြီ။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး (UNOCHA) ကလည်း လက်နက်ကိုင်ပဋိပက္ခတွေကြောင့် နိုင်ငံတစ်ဝန်းမှာ ထွက်ပြေးနေရတဲ့ စစ်ဘေးဒုက္ခသည် နှစ် ဒသမ ခြောက် သန်းကျော်အထိရှိလာတယ်လို့ ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။