တရားစွဲခံရတဲ့ YFA စက်ရုံပိုင်ရှင် တရုတ်နိုင်ငံသား ရုံးချိန်းတိုင်း ပျက်ကွက်

RFA Burmese
2023.03.09
တရားစွဲခံရတဲ့ YFA စက်ရုံပိုင်ရှင် တရုတ်နိုင်ငံသား ရုံးချိန်းတိုင်း ပျက်ကွက် ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်၊ သာဓုကန်စက်မှုဇုန်မှ Yangon Fukuyama Apparel (YFA) အထည်ချုပ်စက်ရုံ အလုပ်သမားအား ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၃၀ ရက်နေ့က တွေ့ရစဉ်။
Solidarity of Trade Union Myanmar

ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်၊ ဝါးတရာစက်မှုဇုန်က Yangon Fukuyama Appeal (YFA) အထည်ချုပ် စက်ရုံပိုင်ရှင်ကို အလုပ်သမားဘက်က တရားစွဲဆိုမှုမှာ ရုံးချိန်း လေးချိန်းအထိ တရားခွင်ကို ရောက်မလာခဲ့ဘူးလို့ အလုပ်သမားဘက်က ကူညီဆောင်ရွက်ပေးနေတဲ့ သွေးစည်းညီညွတ်သော သမဂ္ဂများအဖွဲ့ချုပ် (STUM) က ပြောပါတယ်။

အလုပ်ခန့်ထားခြင်းဆိုင်ရာ သဘောတူညီချက်စာချုပ်နဲ့ မညီဘဲ အလုပ်ထုတ်ခဲ့ပြီး ဥပဒေပါ နစ်နာကြေးပေးဖို့ စက်ရုံဘက်က ပျက်ကွက်ခဲ့တာကြောင့် အလုပ်ထုတ်ခံခဲ့ရတဲ့ မအိပိုပိုလှိုင်က စက်ရုံပိုင်ရှင် တရုတ်နိုင်ငံသားကို ဇန်နဝါရီလ ၃၁ ရက်နေ့က ရွှေပြည်သာ မြို့နယ် တရားရုံးမှာ တရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။

မတ်လ ၈ ရက်နေ့က လေးကြိမ်မြောက်ရုံးချိန်းအထိ တရားစွဲခံရသူ ရောက်မလာတာ ကြောင့် လာမယ့် မတ်လ ၁၇ ရက်နေ့မှာ ကြားဖြတ်အမိန့်ချမှာဖြစ်တယ်လို့ သွေးစည်းညီညွတ်သော သမဂ္ဂများအဖွဲ့ချုပ် (STUM) က ကိုဇင်ဝေအောင်က ပြောပါတယ်။

“အခုက ရုံးချိန်း လေးချိန်းရှိနေပြီ။ မလာသေးဘူးဆိုတော့ လာမယ့် ၁၇ ရက်နေ့မှာ ကြားဖြတ်အမိန့်ချဖို့ အလုပ်သမားဘက်က ရှေ့နေက လျှောက်လွှဲချက်တင်ထားတယ်။ ဘယ်လိုအမိန့်ချမလဲဆိုတာတော့ မသိသေးဘူး။ တရားခံကလည်း မြန်မာနိုင်ငံမှာ ရှိမနေတော့။ တရားရုံးမှာ စက်ရုံဘက်ကတော့ တရားစွဲခံထားရတဲ့ ပိုင်ရှင်က အလုပ်ထုတ်ခံထားရတဲ့သူလို့တော့ ထွက်ဆိုထားတာရှိတယ်”

လက်ရှိ တည်ဆဲအလုပ်အကိုင်နဲ့ ကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ရေး ဥပဒေအရ အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူစာချုပ်ကို ချိုးဖောက်ရင် သုံးလထက်မပိုတဲ့ ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်တယ်လို့ ဖော်ပြထားပါတယ်။

YFA ကုမ္ပဏီဘက်က စက်ရုံပိုင်ရှင်ဆိုသူကို ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၁၅ ရက်နေ့ အလုပ်ထုတ်ခဲ့တာဖြစ်ပြီး အလုပ်သမား မအိပိုပိုလှိုင်ကို ဒီဇင်ဘာ ၁၇ ရက်နေ့က အလုပ်ထုတ်ခဲ့တာဖြစ်တယ်လို့ YFA အထည်ချုပ်စက်ရုံရဲ့ မန်နေဂျာ ဒေါ်စုမြတ် မြတ်လွင်က RFA ကို ပြောပါတယ်။

“ကုမ္ပဏီဆိုတာက သူဌေးတွေ အများကြီးရှိကြတာဆိုတော့ အလုပ်သမားကို အလုပ် မထုတ်ခင်ကတည်းက အခု တရားစွဲခံထားတဲ့သူကို ကုမ္ပဏီဘက်က ထုတ်ထားတာပါ။ ဒီအုပ်ချုပ်တဲ့လူက မရှိတော့ဘူး။ တရားရုံမှာလည်း အဆိုလွှာပြောင်းဖို့ ပြောတယ်။ ဒါပေမဲ့ မရဘူး။ ကြားဖြတ်အမိန့်ချပြီးလည်း ဆက်သွားဖို့ရှိတယ်။ ကုမ္ပဏီနာမည် ပါနေတော့ ကျမတို့လည်း လိုက်ရမှာပါ”

တရားစွဲဆိုခံရသူဘက်က ကိုယ်တိုင် ကိုယ်စားလှယ်လွှဲစာရမှသာ နှစ်ဖက်အပြန်အလှန် လျှောက်လွှဲချက်ပေးနိုင်မှာဖြစ်တာကြောင့် စက်ရုံဘက်ကတော့ အရင်စက်ရုံပိုင်ရှင်ဟောင်း ကို ကိုယ်စားလှယ်လွှဲစာ လာမယ့်ရုံးချိန်းအမီ ပို့ပေးဖို့ အကြောင်းကြားထားတယ်လို့ YFA အထည်ချုပ်စက်ရုံရဲ့ မန်နေဂျာ ဒေါ်စုမြတ်မြတ်လွင်က ပြောပါတယ်။

အလုပ်ထုတ်ခံခဲ့ရတဲ့ မအိပိုပိုလှိုင်က ခွင့်မဲ့ပျက်ကွက်တာနဲ့ အလုပ်မှာ အမှားပါတာကြောင့် warning (သတိပေးချက်) နှစ်ခါပေးပြီးနောက် တတိယအကြိမ်မှာ ခံဝန်လက်မှတ်ထိုးဖို့ ငြင်းဆန်ခဲ့တာကြောင့် အလုပ်ထုတ်ခဲ့တာလို့ စက်ရုံဘက်က ပြောပါတယ်။

YFA အထည်ချုပ်စက်ရုံက အလုပ်သမား တစ်ထောင်ဝန်းကျင်နဲ့ လည်ပတ်နေတဲ့ တရုတ်နိုင်ငံသားပိုင် စက်ရုံဖြစ်ပါတယ်။

အပြည်ပြည်ဆိုင်ရာ အလုပ်သမားသမဂ္ဂအဖွဲ့ချုပ် (ITUC) ရဲ့ ၂ဝ၂၂ ခုနှစ်အတွက် ကမ္ဘာလုံးဆိုင်ရာ အလုပ်သမား အခွင့်အရေး အညွှန်းကိန်းမှာ မြန်မာနိုင်ငံကို အလုပ်သမား အခွင့်အရေး ချိုးဖောက်တဲ့ ကမ္ဘာ့အဆိုးဆုံး ၁ဝ နိုင်ငံစာရင်းမှာ ထည့်သွင်းဖော်ပြထား ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။