ရန်ကုန်ရွှေအသင်းရဲ့ ရည်ညွှန်းဈေး ကျပ်ငါးသိန်းကျော် အထိမြင့်တက်လာ

ရန်ကုန်တိုင်း ရွှေလုပ်ငန်းများရှင်အသင်းက အကယ်ဒမီ မီလင်းရွှေဈေးနှုန်းကို အောက်တိုဘာ ၂၁ ရက် ဒီနေ့ မနက်ပိုင်းကစပြီး တစ်ကျပ်သားကို ကျပ် ၂,၄၇၅,၀၀၀ ဝန်းကျင်နဲ့ဈေးစဖွင့်ခဲ့ပြီး မနေ့က ဈေးနှုန်းနဲ့နှိုင်းယှဉ်ရင် ကျပ် ငါးသိန်းကျော်အထိ မြင့်တက်လာတယ်လို့ ရွှေလုပ်ငန်း လုပ်ကိုင်နေသူတွေက RFA ကို ပြောပါတယ်။
အခုလိုအသင်းရဲ့ ရည်ညွှန်းဈေးနဲ့ ပြင်ပပေါက်ဈေး တန်းတူဖြစ်လာတာဟာ ရွှေဈေး တည်ငြိမ်လာနိုင်တယ်လို့ ရန်ကုန်တိုင်းထဲက ရွှေလုပ်ငန်းလုပ်ကိုင်နေသူတစ်ဦးက RFA ကိုပြောပါတယ်။
“ဈေးက အရင်ကတည်းက ပြင်ပပေါက်ဈေးပဲ အရောင်းအဝယ် လုပ်ကြတာပဲ။ ရည်ညွှန်းဈေး ပြောင်းလိုက်တော့ ဈေးတန်းတစ်ခုမှာ ငြိမ်နေမှာပေါ့။ အခုရွှေထွက်တဲ့ ရာသီလည်း ရောက်လာပြီ၊ ဈေးကွက်ထဲမှာလည်း ဝယ်လိုအားနည်းနေတယ်။ ဝယ်တဲ့သူမရှိ သလောက်ဖြစ်လာတယ်။ ဒီဈေးတန်းက ရွှေကိုစီးပွားဖြစ် ဝယ်စုတဲ့သူတွေ မလုပ်နိုင်ဘူးလေ။ အဲတာကြောင့် ရွှေဈေးက ဆက်ကျလာနိုင်တယ်”
ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်းရဲ့ တာဝန်ရှိသူတစ်ဦးကတော့ ပြင်ပရွှေဈေးကွက်နဲ့ တန်းတူဖြစ်လာအောင် လုပ်ဆောင်တာလို့ RFA ကိုပြောပါတယ်။
“အရင်ကတော့ ဗဟိုဘဏ်က သတ်မှတ်ထားတဲ့ ဒေါ်လာပေါက်ဈေး ၂၁၀၀ နဲ့ တွက်ထားတာ။ တကယ်လက်တွေ့ရောင်းတဲ့ ဈေးနဲ့ ရည်ညွှန်းဈေးကကွာနေလို့ အဲဒါကြောင့် ဒေါ်လာ ပြင်ပပေါက်ဈေးနဲ့ တွက်ပြီး နီးစပ်အောင်လုပ်တာပေါ့။ နောက်ပိုင်းကျရင်တော့ အခုရည်ညွှန်းဈေးအတိုင်း ရောင်းလို့ဝယ်လို့ရအောင် လုပ်တဲ့သဘောပါ”
ဒီနေ့ သတ်မှတ်တဲ့ ရန်ကုန်ရွှေအသင်းရဲ့ ပြင်ပဒေါ်လာပေါက်ဈေးကို မြန်မာကျပ် ငွေလဲလှယ်နှုန်း ဘယ်လောက်နဲ့ တွက်ချက်တာလဲ ဆိုတာကိုတော့ သူကထုတ်ဖော် ပြောဆိုခြင်း မရှိပါဘူး။
ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်းက အောက်တိုဘာ၂၀ ရက် မနေ့က ညနေအထိ အကယ်ဒမီ မီးလင်းရွှေဈေးနှုန်းကို တစ်ကျပ်သား ကျပ် ၁,၉၂၆,၀၀၀ သတ်မှတ်ထားခဲ့တာပါ။
အခုတစ်ပတ်အတွင်း အကယ်ဒမီ မီးလင်းရွှေဈေးနှုန်းဟာ တစ်ကျပ်သားကို ကျပ် ၂၆ သိန်း ဝန်းကျင်နဲ့ ပြင်ပမှာ အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ ရွှေလုပ်ငန်း လုပ်ကိုင်နေသူတွေက ပြောပါတယ်။