ကျူးကျော်တွေကို တန်ဖိုးနည်း အိမ်ရာတွေ ရောင်းပေးမည်
2016.09.17

ကျူးကျော်နေထိုင်သူတွေထဲက အလုပ်အကိုင်ရှိတဲ့သူတွေကို ဆောက်လုပ်ရေးနဲ့ အိမ်ရာဖွံ့ဖြိုးရေးဘဏ်နဲ့ ချိတ်ဆက်ပြီး တန်ဖိုးနည်းအိမ်ရာတွေ အရစ်ကျစနစ်နဲ့ ရောင်းချပေးသွားမယ်လို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောပါတယ်။
ဒီနေ့ ရန်ကုန်မြို့ ဆရာစံ ပလာဇာမှာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ဦးဆောင်ကျင်းပတဲ့ အလုပ်ရှင်-အလုပ်သမား တွေ့ဆုံပွဲမှာ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက သတင်းမီဒီယာသမားတွေကို ပြောခဲ့တာ ဖြစ် ပါတယ်။
"ပုဂ္ဂလိက လုပ်ငန်းရှင်တွေအပါအဝင်၊ စက်ရုံလုပ်နေတဲ့လုပ်သားတွေလည်းပါပါတယ်၊ ကျူးနေတဲ့အထဲမှာ အလုပ်အကိုင်ရှိတယ် ဆိုရင်၊ ဆောက်လုပ်ရေးဘဏ်နဲ့ လူမှုဖူလုံရေးနဲ့ချိတ်ဆက်ပြီး ဆောက်လုပ်ထားတဲ့ တန်ဖိုးနည်းအိမ်ရာတွေကို အလုပ်သမားတွေကို ဦးစားပေးဆောင်ရွက်မှာပါ"
ကလေးလုပ်သားတွေ ပပျောက်ဖို့၊ ကလေးလုပ်သား လျော့နည်းဖို့နဲ့ ကလေးလုပ်သားတွေ ပညာဆက်လက် သင်ကြားနိုင်ဖို့အတွက် နိုင်ငံတကာအဖွဲ့အစည်းတွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက် သွားမယ်လို့လည်း ဝန်ကြီး ဦးသိန်းဆွေက ပြောပါတယ်။
၂ ရက်ကြာ ကျင်းပမယ့် အလုပ်ရှင်၊ အလုပ်သမား တွေ့ဆုံပွဲမှာ လုပ်ငန်းခွင်မှာ ကြုံတွေ့နေရတဲ့ အလုပ်ရှင်တွေ၊ အလုပ်သမားတွေရဲ့ အခက်အခဲတွေ လိုအပ်ချက်တွေ၊ အလုပ်သမားတွေရဲ့ စွမ်းဆောင်ရည် တိုးတက်မြင့်မား ကိစ္စတွေကို ဆွေးနွေးကြမှာဖြစ်ပြီး သက်ဆိုင်ရာအစိုးရဌာနတွေက ဖြေရှင်းပေးနိုင်ဖို့ ဖြစ်ပါတယ်။
ဒီနေ့ အခမ်းအနားကို ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ အပါအဝင်၊ ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ တိုင်းအစိုးရအဖွဲ့ဝင် ဝန်ကြီးတွေနဲ့ မြို့တော်ဝန်၊ လုပ်ငန်းရှင်တွေ၊ အလုပ်သမားအရေး ဆောင်ရွက်သူတွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေ ၅ဝ လောက် တက်ရောက်ခဲ့ကြပါတယ်။