ရခိုင်မှာ တိုက်ပွဲပြန်စပြီးနောက် စစ်တွေ-ရန်ကုန် ကားလမ်းကို စစ်ကောင်စီ ပိတ်

RFA Burmese
2023.11.13
ရခိုင်မှာ တိုက်ပွဲပြန်စပြီးနောက် စစ်တွေ-ရန်ကုန် ကားလမ်းကို စစ်ကောင်စီ ပိတ် ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ အဝေးပြေးကားဝင်းအား ၂၀၂၀ ခုနှစ် ဇွန်လ ၅ ရက်နေ့က တွေ့ရစဉ်။
Photo: RFA

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်နဲ့ မင်းပြားမြို့နယ်တွေမှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ ဒီကနေ့မနက်ပိုင်း တိုက်ပွဲစဖြစ်ပြီးနောက် စစ်တွေ-ရန်ကုန် ကားလမ်းမ စစ်တွေမြို့၀င်ဂိတ်နဲ့ ကျောက်တန်း စစ်ဆေးရေးဂိတ်ကို စစ်ကောင်စီတပ်က ပိတ်လိုက်ပြီလို့ ဒေသခံတွေက ပြောပါတယ်။

မြို့အ၀င်ကိုရော အထွက်ကိုပါ တင်းတင်းကျပ်ကျပ် ပိတ်ထားတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ စစ်တွေဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“မြို့အ၀င်ကိုရော အထွက်ကိုပါ သံဆူးကြိုးတွေကိုချပြီး အတင်းအကျပ်ပိတ်ထားတာပါ။ ကားတွေရော၊ ဆိုင်ကယ်တွေရော၊ ခြေလျင်ပါသွားလို့ မရဘူး။ စစ်ကားတွေလည်း ချထားတယ်။ စစ်သားရော၊ ရဲတွေရော အများကြီးပဲ။ ရခိုင်မှာ ဒီနေ့ တိုက်ပွဲပြန်စတော့ အခုလို ပိတ်လိုက်တာလို့ ထင်ပါတယ်”

ရသေ့တောင်မြို့နယ်က စစ်ကောင်စီတပ် နယ်ခြားစောင့် ရဲစခန်းနှစ်ခုကို နိုဝင်ဘာလ ၁၃ ရက် ဒီနေ့မနက် အစောပိုင်းမှာ AA က ၀င်ရောက်တိုက်ခိုက်ခဲ့တာပါ။

အဲဒီအနီးအနား ရွာတွေကဒေသခံတွေလည်း ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

မင်းပြားမြို့နယ်မှာလည်း တိုင်းဗဟို (၉) ကနေ ထွက်လာတဲ့ စစ်ကောင်စီတပ်ရဲ့ ကားနှစ်စီးကို AA က မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီးနောက် နှစ်ဖက်တိုက်ပွဲ အပြင်းအထန်ဖြစ်နေတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

ရခိုင်မှာ တိုက်ပွဲတွေပြန်စဖြစ်တာနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်ကရော AA ကပါ တစ်စုံတစ်ရာ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။