ရန်ကုန် မြောက်ပိုင်းခရိုင် ၈ မြို့နယ် မဲစာရင်း လူသုံးသိန်း မပါဝင်
2015.10.05

ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် ၈ မြို့နယ်မှာ ထုတ်ပြန်ခဲ့တဲ့ မဲဆန္ဒရှင်စာရင်းမှာ ရွှေ့ပြောင်းလုပ်သားတွေ ကျူးကျော်နေထိုင်သူတွေ ၃သိန်းလောက် မပါဝင်သေးကြောင်း ရန်ကုန်မြောက်ပိုင်းခရိုင် ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ဦးအောင်ခိုင်က ပြောပါတယ်။
အဲဒီလို ရွှေ့ပြောင်းနေထိုင်သူတွေက ပုံစံ ၃-က နဲ့ သက်ဆိုင်ရာ ရပ်ကျေးကော်မရှင်ရုံးခွဲတွေဆီကို လျှောက်ထားရ မှာဖြစ်ပေမယ့် အခုချိန်ထိ လျှောက်တဲ့သူနည်းနေသေးတယ်လို့ ခရိုင်ကော်မရှင် ဥက္ကဌ ဦးအောင်ခိုင် က ပြော ပါတယ်။
"လူတွေက စိတ်မဝင်စားဘူးလေ၊ မဲပေးဖို့စိတ်မဝင်စားဘူး၊ ၃-က နဲ့ လျှောက်တယ်ဆိုတာက သူတို့က လက်လုပ်လက်စားနဲ့ နေ့လုပ်နေ့စား ညလုပ်ညစား သွားနေကြတဲ့သူတွေလေ၊ အဲတော့ စနေ တနင်္ဂနွေ အတွင်းမှာလည်း သူတို့မရှိဘူးဆိုတော့ သူတို့ရဲ့မဲစာရင်းလည်း လာမကြည့်နိုင်ဘူး၊ မဲပေးဖို့လည်း သူတို့မှာစိတ်ဝင်စားမှု သိပ်မရှိကြဘူး၊ အဲတော့ လာပြီးပြင်တဲ့လူအရေအတွက်က တအားနည်းတာပေါ့၊ တစ်ခရိုင်လုံး မဲပေးခွင့်ရှိတဲ့လူဆိုရင် ခုလက်ရှိထုတ်ပြန်တာ ၁၃ သိန်းကျော်ရှိတယ်၊ သူတို့ပါမှ ၁၅ သိန်း ပတ်ဝန်းကျင် ၁၆ သိန်းဖြစ်သွားမယ်၊ သူတို့မပါရင် ၁၃ သိန်းကျော်ကျော်လောက်နဲ့ ဖြစ်သွားမှာပေါ့နော်"
ရန်ကုန်မြောက်ပိုင်းခရိုင်အတွင်းမှာ လှိုင်သာယာ၊ ရွှေပြည်သာ၊ ထန်းတပင်၊ အင်းစိန်၊ မင်္ဂလာဒုံ၊ တိုက်ကြီး၊ မှော်ဘီ၊ လှည်းကူး စတဲ့ မြို့နယ် ၈ မြို့နယ်ပါဝင်ပြီး အဲဒီမြို့နယ် ၈ခုမှာ ၂ပတ်ကြာထုတ်ပြန်ခဲ့တဲ့ မဲပေးခွင့် ရှိသူစာရင်းမှာ ၁ ဒသမ ၃သန်းကျော်ရှိတယ်လို့ သိရပါတယ်။
အဲဒီမြို့နယ် ၈မြို့နယ်ထဲက လှိုင်သာယာမြို့နယ်မှာဆိုရင် စက်ရုံ၊ အလုပ်ရုံတွေများတာကြောင့် ရွှေ့ပြောင်း လုပ်သားတွေ၊ ကျူးကျော်နေထိုင်သူတွေ ၂သိန်းနီးပါးလောက်ရှိတယ်လို့ သိရပါတယ်။
ရွှေ့ပြောင်းလုပ်သားတွေ၊ ကျူးကျော်နေထိုင်သူတွေမှာ ပုံစံ ၆၆/၆ လို့ခေါ်တဲ့ အိမ်ထောင်စုစာရင်းမရှိတာကြောင့် မဲပေးခွင့်ရှိသူစာရင်းမှာ နာမည်တွေမပါခဲ့ဘဲ ရက်ပေါင်း ၁၈၀ နေထိုင်ကြောင်း အုပ်ချုပ်ရေးမှူးတွေရဲ့ ထောက်ခံစာနဲ့ အတူ ပုံစံ ၃-ကမှာ ဖြည့်စွက်လျှောက်ထားမှသာ နိုဝင်ဘာလ ၈ရက်နေ့ ရွေးကောက်ပွဲနေ့မတိုင်ခင် တစ်ပတ်အလို မှာ ထုတ်ပြန်မယ့် မဲပေးခွင့်ရှိသူစာရင်းမှာ ပါဝင်မှာဖြစ်ပါတယ်။
ရန်ကုန်တိုင်းဒေသကြီးမှာ လူဦးရေ ၇သန်းကျော်ရှိပြီး မဲပေးခွင့်ရှိသူ ၅သန်းကျော်ရှိတယ်လို့ ကော်မရှင်ရဲ့ စာရင်းတွေအရ သိရပါတယ်။
ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ်ကနေ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင် မယ့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးဖြိုးမင်းသိန်းကို ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ်လောင်းတွေဖြစ်တဲ့ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးနဲ့ ၈ ဦးက အသရေဖျက်မှုနဲ့ တရားစွဲဆို သွားမယ်လို့ ပါတီရဲ့ အောင်နိုင်ရေးကော်မတီ ဥက္ကဋ္ဌ ဦးလှသန်းက ပြောပါတယ်။
ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ အောင်နိုင်ရေးကော်မတီ ဥက္ကဋ္ဌ ဦးလှသန်းကို RFA သတင်းထောက် မရွှေရည်မဉ္ဇူ က ဆက်သွယ်မေးမြန်းထားပါတယ်။
အမျိူးသမီးနိုင်ငံရေး လှုပ်ရှားသူများအဖွဲ့ WPA က အမျိူးသမီးမဲဆန္ဒရှင်တွေရဲ့ ရွေးချယ်မှုနှင့် ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲမှာ အမျိုးသမီးများပါဝင်မှု သုတေသနစစ်တမ်း ထုတ်ပြန်လိုက်တာနဲ့ ပတ်သက်လို့ WPA အဖွဲ့က ပြန်ကြားရေးတာဝန်ခံ မပျိူးလက်ဟန်ကို မသင်းသီရိက ဆက်သွယ်မေးမြန်းထားပါတယ်။