ယင်းမာပင် ပရဟိတအဖွဲ့ဝင်တစ်ဦး အဖမ်းခံရ

RFA Burmese
2023.06.22
ယင်းမာပင် ပရဟိတအဖွဲ့ဝင်တစ်ဦး အဖမ်းခံရ စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်တွင် S&C မီးဘေး၊ စစ်ဘေး၊ ပညာရေး ကူညီစောင့်ရှောက်ရေးအဖွဲ့ စက်ရေတွင်း တူးဖော်နေသည်ကို ၂၀၂၃ ခုနှစ် ဇွန်လ ၂၁ ရက်က တွေ့ရစဉ်။
S&C Facebook

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်အခြေစိုက် S&C မီးဘေး၊ စစ်ဘေး၊ ပညာရေး ကူညီစောင့်ရှောက်ရေးအဖွဲ့က အဖွဲ့ဝင်တစ်ဦးကို စစ်ကောင်စီက ဖမ်းဆီးလိုက်ပါတယ်။

ယင်းမာပင်မြို့နယ်မှာရှိတဲ့ မီးရှို့ခံရတဲ့ရွာက စစ်ဘေးဒုက္ခသည်တွေ သောက်သုံးရေရအောင် စက်ရေတွင်းတူးဖို့ သွားရောက်ကူညီတဲ့ အဖွဲ့ဝင်တစ်ဦး စစ်ကောင်စီတပ်ဖွဲ့တွေ တပ်စွဲထားတဲ့ ယာယီဂိတ်တဲကို ဇွန်လ ၂၁ ရက်နေ့က ဆိုင်ကယ်နဲ့ဖြတ်ချိန်မှာ ဖမ်းဆီးခံလိုက်ရတာပါ။

စစ်ကောင်စီက ဘာကြောင့် ဖမ်းလိုက်တယ်ဆိုတာနဲ့ ဖမ်းခံရသူရဲ့အခြေအနေကို မသိရသေးကြောင်း လုံခြုံရေးအရ အမည်မဖော်လိုတဲ့ S&C အဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

"ရေတွင်းတူးတဲ့အဖွဲ့ကဗျ၊ သူတို့သွားရင်းနဲ့ ကားကအရှေ့ကသွားတယ်၊ နောက်ကဆိုင်ကယ်နဲ့လိုက်လာတဲ့သူကို ဆွဲဖမ်းလိုက်တာပေ့ါဗျာ။ ရှင်းပြတာလည်း ရပုံမပေါ်ဘူး၊ အဖွဲ့တွေ ကွဲကျန်နေခဲ့လို့ပါသွားတာပေါ့၊ ဘယ်မှာဖမ်းထားတယ်၊ ဘယ်လိုအရေးယူမှုလုပ်မယ်ဆိုတာ မသိရသေးဘူး"

ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်ကိုင်းတိုင်း စစ်ကောင်စီပြောခွင့်ရသူကို RFA က ဖုန်းဆက်သွယ်မေးမြန်ခဲ့ပေမယ့် ဖုန်းလက်ခံမဖြေကြားပါဘူး။

အာဏာသိမ်းပြီးနောက် စစ်ကိုင်းတိုင်းအတွင်း မီးရှို့ခံခဲ့ရတဲ့ ကျေးရွာတွေမှာ S&C အဖွဲ့က နေအိမ်ရှစ်ရာကျော်ပြန်လည်တည်ဆောက်ပေးခဲ့ပြီး ပညာရေးနဲ့ ကျန်းမာရေးကိစ္စတွေအပါအဝင် လိုအပ်တဲ့နေရာတွေမှာ ကူညီဆောင်ရွက်ပေးနေတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မေလကလည်း မိုခါမုန်တိုင်းသင့်ပြည်သူတွေကို သွားရောက်ကူညီနေတဲ့ စာရေးဆရာ ဝေဟင်အောင် အပါအဝင် ငါးဦးကို စစ်ကောင်စီက ဖမ်းဆီးခဲ့ပါတယ်။ အဲဒီ ငါးဦးကိုတော့ ဖမ်းဆီးပြီးနောက်တစ်ရက်မှာ စစ်ကောင်စီက ပြန်လွှတ်ပေးခဲ့ပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးအခြေအနေတွေ ဆိုးရွားလာနေပြီး၊ နယ်မြေအများအပြားကို လူသားချင်းစာနာထောက်ထားမှု အကူအညီသွားလာခွင့်မပေးဘဲ ပိတ်ထားတာကို လေးလေးနက်နက်စိုးရိမ်တယ်လို့ ဗြိတိန်နိုင်ငံက ဇွန် ၂၁ ရက်နေ့က ပြောထားပါတယ်။

လူသားချင်းစာနာမှု အကူအညီလိုအပ်နေတဲ့နေရာတွေကို ပိတ်ပင်မထားဘဲ အတားအဆီးမရှိ သွားရောက်ကူညီခွင့်ပေးဖို့ကိုလည်း စစ်ကောင်စီကို ဗြိတိန်အစိုးရက ထပ်မံတောင်းဆိုထားပါတယ်။ 

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။