စစ်ကိုင်း၊ ယင်းမာပင်ခရိုင် အုပ်ချုပ်ရေးမှူးတွေ အစုလိုက်အပြုံလိုက် နုတ်ထွက်
2021.08.04
စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်ထဲမှာ သြဂုတ်လ ၁ ရက်နေ့ကနေ ၄ ရက်နေ့အထိ ကျေးရွာ အုပ်ချုပ်ရေးမှူး ၁၅ ယောက်တို့ဟာ စစ်ကောင်စီလက်အောက်မှာ တာဝန်မထမ်းဆောင်ချင်တော့တာကြောင့် နုတ်ထွက်ကုန်ကြပါတယ်။
ပုလဲမြို့နယ်ထဲက ပိတောက်ကုန်း၊ သစ်ကြီးတိုင်း၊ တောင်ရွာသစ်၊ သရက်ကန်၊ သာစည်၊ မဲဇရပ်၊ ညောင်ရင်းကုန်း၊ အောင်ချမ်းသာ၊ ကန့်ဒေါင့်၊ မရိုးတုန်း၊ ချင်ပြစ်၊ တလိုင်းကန်၊ သာယာကုန်း၊ ကျေးသံများနဲ့ ကံရိုး စတဲ့ ကျေးရွာတွေက အုပ်ချုပ်ရေးမှူးတွေ နုတ်ထွက်လာကြတာ ဖြစ်ပါတယ်။
တစ်စုံတစ်ယောက်က ဖိအားပေးလို့မဟုတ်ဘဲ ကိုယ့်သဘောနဲ့ကိုယ် နုတ်ထွက်ကြတာပါလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ပုလဲမြို့နယ်ထဲက ကျေးရွာအုပ်ချုပ်ရေးမှူး တစ်ယောက်က RFA ကို ပြောပါတယ်။
“ကျနော်တို့ နုတ်ထွက်တယ်ဆိုတာ မိမိတို့သဘောဆန္ဒအရနဲ့ပဲ ကျနော်တို့ နုတ်ထွက်တာပါ။ မည်သူ တစ်ဦးတစ်ယောက်ကမှ ဖိအားပေးခြင်းရှိလို့ ထွက်တာမဟုတ်ပါဘူး။ ဘာကြောင့်နုတ်ထွက်ရလည်းဆိုရင် ကျနော်တို့ မြန်မာနိုင်ငံဟာ၊ အပြစ်မဲ့ပြည်သူတွေဟာ စစ်အစိုးရရဲ့ မတရားဖိနှိုပ်မှု၊ သတ်ဖြတ်မှုတွေ ခံနေရတယ်။ ဒီလိုခံနေရတဲ့အထဲမှာ ကျနော်တို့က ဆက်လက်ပြီးတော့ စစ်အစိုးရရဲ့ စစ်ကောင်စီရဲ့ အကြမ်းဖက်ရဲ့အောက်မှာ ဆက်ပြီးတော့ ကျနော်တို့က တာဝန်ထမ်းဆောင်နေမယ်ဆိုရင် ကျနော်တို့ လည်း ပြည်သူကို ကာကွယ်ရာမရောက်ဘဲနဲ့ အားပေးအားမြှောက်ပုံ သဏ္ဍန်မျိုး ဖြစ်နေတယ်ဆိုပြီး ကျနော်တို့ အသိစိတ်နဲ့ ကျနော်တို့ခံစားချက်နဲ့ ကျနော်တို့ နုတ်ထွက်တာပါဗျ”
ပုလဲမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Pale People Defense Force – PPDF) ကလည်း ပုလဲမြို့နယ် အတွင်းမှာ စစ်ကောင်စီအုပ်ချုပ်ရေး ယန္တယားကို ထောက်တိုင်လုပ်ပေးနေတဲ့ အုပ်ချုပ်ရေးမှူးတွေကို သြဂုတ်လ ၁ ရက်နေ့ကစပြီး နုတ်ထွက်ပေးကြဖို့ ဇူလိုင်လ ၂၉ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ထားပါတယ်။
အဲဒီလို နုတ်ထွက်ခိုင်းတာကို မလိုက်နာရင် သက်ညှာမှာမဟုတ်ဘဲ တိုက်ခိုက်ခြေမှုန်းတော့မယ်လို့ အဲဒီထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
"စစ်ကောင်စီလုပ်တဲ့ဟာက ပြည်သူ့အကျိုး တစ်ခုမှမပါဘူးလေ။ သူတို့အကျိုးပဲ လုပ်တာကိုး"
ပုလဲမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်ကြောင့် နုတ်ထွက်လာတဲ့ အုပ်ချုပ်ရေးမှူး တချို့လည်း ပါဝင်လာနိုင်တယ်လို့ ပုလဲမြို့နယ်က ဒေသခံတစ်ယောက်က ပြောပါတယ်။
“အဓိကကတော့ နုတ်ထွက်တယ်ဆိုတာ စစ်ကောင်စီလက်အောက်မှာ တာဝန်မထမ်းချင်လို့ပါ။ အဲဒါကများပါတယ်။ အစကတည်းက သူတို့ကလည်း လုပ်သာလုပ်နေရတာ စိတ်မပါပါဘူး။ ပုလဲ PDF ကလည်း အဲဒီလိုထုတ်ပြန်လိုက်တော့ ထွက်သွားကြတာပေါ့ အဲလိုဖြစ်နေတယ်။ ဒါကတော့ စစ်ကောင်စီ လက်အောက်တော့ ဘယ်သူနေနေ တာဝန်မထမ်းတာ အကောင်းဆုံးပေါ့။ စစ်ကောင်စီ လုပ်တဲ့ဟာက ပြည်သူ့အကျိုး တစ်ခုမှမပါဘူးလေ။ သူတို့အကျိုးပဲ လုပ်တာကိုး။ အဲဒီတော့ သူတို့အကျိုးလုပ်တဲ့သူတွေ အောက်မှာ တာဝန်ထမ်းတာက ပြည်သူ့အတွက် အကျိုးမရှိတဲ့အလုပ်ပဲလေ”
ပုလဲမြို့နယ်ထဲမှာ စစ်ကောင်စီက ခန့်အပ်ထားတဲ့ အုပ်ချုပ်ရေးမှူးတွေက ရှေ့ဆက်ပြီး မလုပ်လိုတော့ တာကြောင့် တချို့ရွာတွေမှာ အုပ်ချုပ်ရေးမှူး လုပ်မယ့်သူ မရှိသလို စစ်တပ်က အာဏာစသိမ်းစဉ်ကတည်းက အုပ်ချုပ်ရေးမှူးမရှိတဲ့ ရွာတွေလည်း ရှိနေပါတယ်။
စစ်ကောင်စီရဲ့အုပ်ချုပ်ရေးယန္တယားကို မထောက်ပံ့ဘဲ ရာထူးတာဝန်တွေက နုတ်ထွက်လာကြတာကို ဝမ်းသာကြိုဆိုတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“ကျနော်တို့အနေနဲ့ပြောရရင် ဝမ်းသာတာပေါ့ဗျာ။ ဘာမှမဖြစ်ဘူး ဒီအတိုင်းဆက်နေမယ်ဆိုရင် အကုန်လုံး အုပ်ချုပ်ရေးမှူးရော၊ ပြည်သူရော၊ ဒေသခံရော ဒီအတိုင်းပဲ နင်းပြားဘဝပဲ သွားတော့မှာပေါ့။ အခုဟာက အကုန်လုံး အကြောက်အလန့်ကြီးနဲ့ နေရတာကိုး။ ၈၈ ထက် ပိုဆိုးတာကိုဗျ။ အခုလိုထွက်လာတော့ အကုန်လုံး ကြိုဆိုရမှာပေါ့”
ပုလဲမြို့နယ်ထဲမှာ အခုရက်ပိုင်းအတွင်း ကျေးရွာအုပ်ချုပ်ရေးမှူးတွေ နုတ်ထွက်ကြတာဟာ ရွာပေါင်း ၃၀ နီးပါးလောက် ရှိသွားပြီလို့ ဒေသခံတချို့က ပြောကြပေမယ့်လည်း ဒါနဲ့ပတ်သက်လို့ RFA က သီးခြား အတည်ပြုနိုင်ခြင်းတော့ မရှိသေးပါဘူး။