ယင်းမာပင်မြို့နယ်မှာ နေအိမ် ၁၅ လုံးထက်မနည်း မီးရှို့ခံရ

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် လည်ငေါက်ရွာကို စစ်ကောင်စီတပ်သားတွေ ဒီနေ့ ဝင်ရောက်လာပြီးနောက် ဒေသခံကာကွယ်ရေး တပ်ဖွဲ့နဲ့ ဆက်စပ်တယ်လို့ စွပ်စွဲချက်နဲ့ နေအိမ် ၁၅ လုံးထက်မနည်း မီးရှို့ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကျေးရွာသားတွေက ကြောက်လန့် ထွက်ပြေးနေကြချိန်မှာ မီးရှို့ခံခဲ့ရတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးကပြောပါတယ်။
“သူတို့ရောက်လာတော့ ရွာကသူတွေလည်း ကြောက်ပြီးရှောင်နေကြတာ။ လူတွေလည်း မရှိတော့ ဒလန် သတင်းပေးက ပြတဲ့အိမ်တွေ မီးရှို့သွားတာ။ မီးရှို့ပြီးတော့ ယင်းမာပင်ဘက် ဆက်ထွက်သွားတယ်။ အခု သူတို့မရှိတော့ဘူးဆိုတော့ ရွာကိုပြန်ဝင်ကြည့်တာ ဓာတ်ဆီတွေနဲ့လောင်းပြီး ရှို့သွားတာပဲ။ အကုန်လုံးတော့ ရွာထဲ ပြန်မလာရဲကြသေးဘူး “
အဲဒီစစ်ကြောင်းမှာ စစ်ကား အစီး ၄၀ ကျော်နဲ့ အင်အား ၂၀၀ ဝန်းကျင်ခန့် ပါဝင်ပြီး ယင်းမာပင်မြို့ဘက်ကို ဆက်လက်ထွက်ခွာသွားတယ်လို့ ဒေသခံတွေကပြောပါတယ်။
ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဆက်သွယ်မေးမြန်းဖို့ ကြိုးစားနေဆဲဖြစ်ပါတယ်။
အရပ်သားတွေရဲ့ နေအိမ်တွေ မီးရှို့ခံရတဲ့ ကိစ္စနဲ့ပတ်သက်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ပြီးခဲ့တဲ့ ဇန်နဝါရီလ ၃ ရက်နေ့က မေးမြန်းခဲ့ရာမှာတော့ ဒါဟာ သူတို့လက်ချက် မဟုတ်တဲ့အတွက် ဒါဟာစွပ်စွဲချက်တွေသာ ဖြစ်တယ်လို့ ငြင်းဆိုထားပါတယ်။
ယင်းမာပင်မြို့နယ်မှာ ဒီကနေ့ တိုက်ပွဲဖြစ်ပွားတာ မရှိပေမယ့် စစ်ကောင်စီ တပ်သားတွေ လာတဲ့လမ်း တစ်လျှောက် မိုင်းဆွဲခံရတာတွေ ရှိခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။
ယင်းမာပင်မြို့နယ်အတွင်းက ကျေးရွာတွေဟာ စစ်ကောင်စီကို အပြင်းအထန် ခုခံနေကြတာဖြစ်ပြီး စစ်ကောင်စီ တပ်သားတွေ နေ့စဉ်နီးပါး မိုင်းဆွဲတိုက်ခိုက် ခံနေရတဲ့ဒေသဖြစ်ပါတယ်။