ယင်းမာပင်မြို့မှာ ကိုးတန်းကျောင်းသူ မိုင်းနင်းမိပြီး ခြေထောက် တစ်ဖက်ပြတ်

2021.09.22
ယင်းမာပင်မြို့မှာ ကိုးတန်းကျောင်းသူ မိုင်းနင်းမိပြီး ခြေထောက် တစ်ဖက်ပြတ် စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ၂၀၂၁ စက်တင်ဘာ ၂၂ ရက်‌နေ့က ဆန္ဒပြကြစဉ်
Photo: CJ

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် (အရှေ့ဘက်) ကောင်းဆင့်ရွာနားက စစ်ကောင်စီ တပ်တွေ တပ်စွဲခဲ့ဖူးတဲ့ နေရာမှာ စက်တင်ဘာ ၂၁ ရက် မနေ့ မနက်ပိုင်းက ဆိတ်သွားကျောင်းတဲ့ အသက် ၁၅ နှစ်အရွယ် ကိုးတန်း ကျောင်းသူ မိန်းကလေးတစ်ဦး မိုင်းနင်းမိပြီး ခြေထောက် တစ်ဖက်ပြတ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ခြေထောက်တစ်ဘက် ပြတ်သွားပေမယ့် စစ်ကောင်စီတပ်သားတွေ လာစစ်ဆေးမှာကို ကြောက်တာကြောင့် ဆေးရုံမပို့ရဲပဲ နီးစပ်ရာမှာ ဆေးကုသနေရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

မိုင်းနင်းမိတဲ့နေရာဟာ မုံရွာ-ဂန့်ဂေါ ကားလမ်းဘေးမှာဖြစ်ပြီး ပြီးခဲ့တဲ့ တစ်ပတ်ကအထိ စစ်ကောင်စီ တပ်သား တွေ တပ်စွဲခဲ့တာလို့လည်း ဒေသခံကဆိုပါတယ်။

စစ်ကောင်စီတပ်သားတွေဟာ တပ်စွဲသွားတဲ့ နေရာတွေအပြင် ရွာတွေနဲ့နီးတဲ့ တောတောင်တွေထဲမှာပါ မိုင်းထောင်တာတွေ လုပ်ခဲ့တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

ယင်းမာပင်မြို့နယ်ဟာ အာဏာရှင်စနစ်ကို ဆန့်ကျင်နေတဲ့မြို့ဖြစ်ပြီး လက်ရှိ စစ်ကောင်စီရဲ့ အင်တာနက် ဖြတ်တောက်ခြင်းကို ခံထားရတဲ့မြို့လည်း ဖြစ်ပါတယ်။

စစ်ကောင်စီဘက်ကတော့ မိုင်းတွေထောင်ထားခဲ့တဲ့ကိစ္စနဲ့ ပတ်သက်ပြီး သတင်း ထုတ်ပြန်ထားတာ မတွေ့ရသေးသလို စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က တယ်လီဖုန်းနဲ့ ခေါ်ဆိုခဲ့ ပေမယ့်လည်း ဆက်သွယ်လို့မရပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။