စစ်ကောင်စီတပ် ဝင်ရောက်လာလို့ ယင်းမာပင်နဲ့ ပုလဲနယ်အစပ်က ဒေသခံတွေ ထွက်ပြေးနေရ

2022.10.19
စစ်ကောင်စီတပ် ဝင်ရောက်လာလို့ ယင်းမာပင်နဲ့ ပုလဲနယ်အစပ်က ဒေသခံတွေ ထွက်ပြေးနေရ စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ကပိုင်ရွာနှင့် သီးကုန်းရွာမှ ပြည်သူတွေ ၂၀၂၂ ခုနှစ်၊ သြဂုတ်လ ၂၁ ရက်နေ့က ဘေးလွတ်ရာကို ထွက်ပြေးနေကြစဉ်။
Photo: Citizen Journalist

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်နဲ့ ပုလဲမြို့နယ်အစပ်က ရင်ပေါင်တိုင်၊ ပုထိုးသာနဲ့ ပျားအုံရွာတွေကို ဒီနေ့ မနက် ၁၀ နာရီလောက်ကနေစပြီး စစ်ကောင်စီတပ်သားတွေ ဝင်ရောက်စီးနင်းခဲ့တာကြောင့် ဒေသခံအချို့ ထိခိုက်ဒဏ်ရာရခဲ့ပြီး ပိတ်မိနေသူတွေရှိသလို ကျန်အားလုံးကတော့ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင် နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ယင်းမာပင်နဲ့ ပုလဲနယ်က ဒေသခံတွေဟာ လေကြောင်းပစ်ခတ်မှုရော ရဟတ်ယာဉ် အုပ်လိုက်ကြီးပါ ရောက်လာတာကြောင့် ကြောက်လန့်ပြီး ဘေးလွတ်ရာ ထွက်ပြေး နေရတယ်လို့ ပုလဲဒေသခံ ကိုဇော်ဇော်က RFA ကို ပြောပါတယ်။

“ပြည်သူ သုံးယောက် ဒဏ်ရာရတယ်။ လေယာဉ်ပေါ်က ပစ်တဲ့ကျည်မှန်တယ်လို့ ယူဆရတယ်။ ဘယ်ရွာကမှန်းတော့ မသိရသေးဘူး။ ပြည်သူတွေက ရွာတွေဘက်ဆီ ပြန်မကပ်ရဲသေးဘူး။ ဒဏ်ရာရတာ ဘယ်သူတွေလဲဆိုတာ မကွဲသေးဘူး”

ဘာတိုက်ပွဲမှမရှိဘဲ အခုလို ဝင်ရောက်တိုက်ခိုက်တာဖြစ်ပြီး ထွက်ပြေးလွတ်မြောက်သူတွေ ရှိသလို ပိတ်မိနေသူတွေလည်း အများကြီး ရှိသေးတယ်လို့ ဒေသခံတွေ ပြောပါတယ်။

အောက်တိုဘာလ ၁၉ ရက် ဒီနေ့မနက်ပိုင်း စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ် နှစ်စီးနဲ့ ရွာတွေကို ပစ်ခတ်ခဲ့ပြီး စစ်ရဟတ်ယာဉ်နှစ်စီးနဲ့ စစ်သားတွေကို လေးခေါက်တိတိ လာချပေးသွားတာလို့ ပုလဲ ပြည်သူ့ကာကွယ်ရေးတပ်၊ တပ်ရင်း ၁၃ တာဝန်ခံ ဗိုလ်လျှပ်စီးက RFA ကို ပြောပါတယ်။

“ဂျက်ဖိုက်တာ နှစ်စီးနဲ့ ပစ်တယ်။ ပုထိုးသာ၊ ရင်ပေါင်တိုင် ပတ်ပတ်လည်ကို နှစ်မိုင်လောက် အကွာကနေပြီးတော့ ပစ်ပေးနေတာ။ အဲဒီပစ်ပေးနေတုန်း ရိုးရိုးနှစ်စီးက လူကို လေးခေါက် လာချတယ်။ ရင်ပေါင်တိုင်နောက်ဘက်က ပျားအုံရွာထဲမှာဆိုရင် ဘုန်းကြီးကျောင်းမှာကို လူနှစ်ရာလောက် ပိတ်မိနေတယ်။ ရွာထဲမှာ စစ်သားတွေ အခုချိန်ထိ ရှိနေသေးတယ်။ ရင်ပေါင်တိုင်၊ ပုထိုးသာနဲ့ ပျားအုံရွာတွေထဲမှာ ရှိနေတုန်းပဲ”

ဒီပြောဆိုမှုတွေနဲ့ ပတ်သက်ပြီး RFA အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဩဂုတ်လကလည်း ချင်းပြည်နယ်က CDF တပ်ဖွဲ့ဝင်တွေ ယင်းမာပင် မြို့နယ်၊ ရင်ပေါင်တိုင်ရွာမှာ ရောက်နေတယ်ဆိုတဲ့ သတင်းကြောင့် စစ်ကောင်စီတပ်က လေကြောင်း၊ ကြည်းကြောင်းနဲ့ပါ ရွာကို ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။

သုံးရက်ဆက်တိုက် ရွာထဲမှာ တပ်စွဲခဲ့သလို လေကြောင်းကနေပါ ပစ်ခတ်ပြီးနောက် စစ်ကြောင်း ပြန်ထွက်သွားချိန်မှာ ရွာသား စုစုပေါင်း ၁၇ ဦးရဲ့ ရုပ်အလောင်းတွေကို တွေ့ရှိခဲ့ပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) ရဲ့ အောက်တိုဘာလ ၁၈ ရက်နေ့ ထုတ်ပြန်ချက်အရ စစ်အာဏာသိမ်းမှုနောက်ပိုင်း သေဆုံးခဲ့ရတဲ့ ပြည်သူ စုစုပေါင်းမှာ ၂၃၆၇ ဦးရှိပြီ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။