ယင်းမာပင်မြို့နယ် အောင်မိုးရွာ အိမ်အလုံး ၂၀ မီးလောင်၊ ဒေသတွင်း စစ်ရေးတင်းမာ

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ အောင်မိုးရွာကို ဖေဖော်ဝါရီ ၁၁ ရက်က စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေ ရောက်လာပြီးနောက် အိမ် အလုံး ၂၀ နီးပါး မီးလောင်ကျွမ်းခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဲဒီနေ့က ယင်းမာပင်မြို့နယ် ရဲတပ်ရင်း ၂၈ အနီးမှာ နှစ်ဖက်ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့ပြီး နောက် အောင်မိုးရွာလည်း မီးရှို့ခံလိုက်ရတာလို့ ဒေသခံတွေက ဆိုပါတယ်။
ဖေဖော်ဝါရီ ၁၁ ရက်မှာပဲ ဒေသကာကွယ်ရေးတပ် PDF တွေက တိုက်ပွဲအရှိန်မြှင့်မယ်ဆိုပြီး အသိပေးလာသလို စစ်ကောင်စီတပ်တွေလည်း အင်အားတိုးချလာတာမို့ ဘေးလွတ်ရာ ရှောင်တိမ်းနေကြပြီလို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
"ညပိုင်းတွေလည်း တစ်ချက်၊ တစ်ချက် ပစ်သံတွေကြားရတယ်။ စစ်သားတွေလည်း အင်အားတိုးချနေတော့ မနေရဲကြတော့ဘူး၊ ပြေးလို့ရတဲ့သူတွေက ပြေးကုန်ကြပြီ။ ပုလဲမှာဖြစ်သလို မြို့သိမ်းတိုက်ပွဲဖြစ်မှာ စိုးနေကြတာ၊ ကာကွယ်ရေးတပ်ဖွဲ့ကလည်း မြို့ထဲမှာ ညအိပ်မနေဖို့ သတိပေးစာ ထုတ်ထားတယ်၊ အခုကတော့ တစ်မြို့လုံး သတိထားနေကြရတယ်"
ယင်းမာပင်မြို့တွင်းနဲ့ အောင်ဇေယျကွက်သစ်တွေက ဒေသခံတွေအနေနဲ့ ဆွေမျိုး အသိုင်းအဝိုင်းတွေဆီ သွားရောက်ခိုလှုံဖို့နဲ့ စစ်ဘေးကြောင့် အန္တရာယ်ကျရောက်ခဲ့ရင် ကာကွယ်ရေးတပ်သားတွေက တာဝန်ယူမှာမဟုတ်ဘူးလို့ ယင်မာပင်မြို့နယ် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့က ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၁ ရက်က ထုတ်ပြန်ချက်မှာ ရေးသား ထားပါတယ်။
အောင်မိုးရွာဖြစ်စဉ်နဲ့ ယင်းမာပင်ဒေသ နောက်ဆုံးအခြေအနေတွေကို စစ်ကောင်စီ ပြောခွင့်ရသူ ပြန်ကြားရေး ဒု-ဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်း ကို RFA က ဆက်သွယ် မေးမြန်းအတည်ပြုဖို့ ကြိုးစားနေပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၇ ရက်က စစ်ကောင်စီတပ်တွေနဲ့ မြောက်ယမား ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ PDF တို့ တစ်နေကုန်တိုက်ပွဲဖြစ်ခဲ့လို့ ယင်းမာပင်မြို့နယ်ထဲက ကောင်းဆင့်ရွာ၊ ရွာသာယာရွာ၊ နှောရိုးရွာ၊ တည်ပင်ကန်ရွာ၊ မြို့သစ်ရွာ ရွာပေါင်း ငါးရွာက ဒေသခံ တစ်သောင်းကျော် ထွက်ပြေးခဲ့ကြရပါတယ်။