လူငယ်တွေမဲပေးဖို့ တိုက်တွန်း
2015.08.15

လာမယ့်ရွေးကောက်ပွဲမှာ မဲပေးနိုင်သူလူဦးရေ ၃၃ သန်းရှိရာမှာ အသက် ၁၈ နှစ်ကနေ ၃၅ ကြားလူငယ်လူဦးရေက တစ်ဝက်နီးပါး ရှိပြီး မဲပေးနိုင်သူ လူငယ် အားလုံး မဲပေးကြဖို့ကို ဒီနေ့ ကျင်းပတဲ့ နိုင်ငံတကာ လူငယ်များနေ့မှာ တက်ရောက်စကားပြောသူတွေက တိုက်တွန်းလိုက်ပါတယ်။
ရန်ကုန်မြို့ ပြည်လမ်း ယုဒသန်ခန်းမမှာ ကျင်းပတဲ့ နိုင်ငံတကာ လူငယ်များနေ့ အခမ်းအနားမှာ ရန်ကုန်လူငယ်ကွန်ရက် အထွေထွေအတွင်းရေးမှူး ကိုမိုးသွေးက တိုက်တွန်းပြောကြားခဲ့တာ ဖြစ်ပါတယ်။
"နောက်ထပ်အရေးကြီးတဲ့ကိစ္စတစ်ခု ကျနော်ပြောရမယ်ဆိုရင် ကျနော်တို့လူငယ်တွေ ကိုယ်တိုင်က မဲပေးသူတွေဖြစ်ပါတယ်၊ နောက်ဆုံးကောက်ယူထားတဲ့ သန်းခေါင် စာရင်းတွေအရဆိုရင် ကျနော်တို့ နိုင်ငံမှာ အသက် ၁၈ ကနေ ၃၅ အတွင်း လူငယ် ထုက ၁၅ သန်းရှိပါတယ်၊ ပြီးတော့ အသက် ၁၈ ထက်မဲပေးနိုင် ခွင့်ရှိတဲ့သူပြည်သူက ၃၃ သန်းရှိပါတယ်၊ မဲပေးနိုင်ခွင့်ရှိသူ ပြည်သူရဲ့တစ်ဝက်လောက်က လူငယ်တွေဖြစ် နေတယ်၊ လူငယ်တွေရဲ့မဲတွေဟာ အလွန်အရေး ပါတယ်ဆိုတာ ကိုယ်တိုင်သိဖို့ လိုတယ်၊ ကိုယ့်ရဲ့နယ်ပယ်ဒေသ၊ ကိုယ်ရဲ့တိုင်းပြည်ကို အကောင်းဆုံးဦးဆောင် နိုင်မယ့်သူ၊ အကောင်းဆုံးစီမံခန့်ခွဲနိုင် တဲ့ပုဂ္ဂိုလ်တွေကို လူငယ်တွေကိုယ်တိုင် စဉ်းစားရွေးချယ်ပြီးတော့ ကျနော်တို့ဒီမှာ လာတိုက်တွန်းတာဖြစ်ပါတယ်"
နိုင်ငံတကာလူငယ်များနေ့ဟာ သြဂုတ်လ ၁၂ရက်နေ့က ကျရောက်တာဖြစ်ပေမယ့် ရန်ကုန်မှာ ဒီနေ့ ရုံးပိတ်ရက်မှာ ကျင်းပတာဖြစ်ပါတယ်။
လူငယ်များနေ့ အခမ်းအနားမှာ ရေဘေးသင့်ဒေသတွေအတွက် ရန်ပုံငွေဈေးရောင်း ပွဲတော်တွေ ကျင်းပသလို လူငယ်တွေရဲ့ ဆွေးနွေးပွဲနဲ့ ဖျော်ဖြေပွဲတွေလည်း ပါဝင်ပါတယ်။