လေပြင်းကြောင့် အိုးအိမ်မဲ့ဖြစ်ရသူများကို လူငယ်အဖွဲ့များကူညီ
2011.03.15

အခုတခေါက်အလှူက ဒုတိယအကြိမ် ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၁၂ ရက်နေ့ကလည်း ပထမအကြိမ်အဖြစ် ဆန်သွားလှုခဲ့ကြပါတယ်။ ဒီနေ့ လှူတဲ့ကိစ္စနဲ့ ပတ်သက်လို့ NLD လူငယ် ကိုသီဟန်က RFA ကို အခုလို ပြောပါတယ်။
“လူတွေကနေ လာလှူတယ်။ ကျွန်တော်တို့ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကနေမှ အိမ်ခြေ တရာကျော်ကို တာလပတ် အနည်းဆုံး ၉ ကိုက်လောက်စီ လှူဒါန်းလိုက်တယ်ပေါ့။ အခု ကျွန်တော်တို့ မျက်မြင်ကိုယ်တွေ့မှာတင် ဘားလေးပေါ့နော်၊ ၄-၅ ချောင်းနဲ့ တာလပတ်လေးကို ဒီမှာပေါ့ သူတို့ အဆင်ပြေသလိုလေး နေတာ ရှိတယ်။ ကလေးတွေကလည်း ပြောရရင်တော့ ဖိနပ်တွေ ဘာတွေ မပါကြဘူး အကိုရယ်။ နောက် အဝတ်အစားဆိုလည်း အချို့ ဘောင်းဘီတို့ ဘာတို့ မပါတဲ့ ကလေး ရှိမယ်။ နောက် ဆရာက အခု ဒေါက်တာ မျိုးအောင် ကိုယ်တိုင် ပါလာတော့ သူက ဆေးပါ ကုပေးမယ်ဆိုပြီး လုပ်လိုက်တော့ အဲဒီမှာ တော်တော်များများလည်း ဆေးလာကုကြတယ်။”
ပြီးခဲ့တဲ့ သောကြာနေ့ မွန်းလွဲပိုင်းက ရန်ကုန်မြို့နဲ့ အနီးတဝိုက်မှာ လေပြင်းတိုက်လို့ ဒဂုံဆိပ်ကမ်းနဲ့ တောင်ဒဂုံမြို့နယ်က ဆင်းရဲသားပြည်သူတွေရဲ့ တဲအိမ်တွေ အလုံး ၄၀ လောက် ပျက်စီးသွားပြီး ကလေး၊ လူကြီး တရာကျော် အိုးမဲ့အိမ်မဲ့ ဖြစ်နေရတာပါ။
အဲဒီလူတွေထဲမှာ တချို့ကလေးတွေက ဝက်သက်ပေါက်တာ၊ ဖျားနာတာ၊ ရင်ကျပ်ချောင်းဆိုးတာတွေ တွေ့ရတယ်လို့ ပြောပါတယ်။ အခုလို ဒုက္ခကြုံနေရတဲ့ ပြည်သူတွေကို အာဏာပိုင်တွေ ကူညီတာ မတွေ့ရဘူးလို့လည်း ပြောဆိုကြပါတယ်။
ဒီနေ့အလှူကိုတော့ NLD နဲ့အတူ၊ သွေးလှူဒါန်းနေတဲ့ NLD လူငယ်အဖွဲ့၊ အထီးကျန်လူနာတွေ ကူညီ ကုသ စောင့်ရှောက်ရေး ဆောင်ရွက်နေတဲ့ လူငယ်အဖွဲ့တွေ ပူးပေါင်း ပါဝင်ကြတာ ဖြစ်ပါတယ်။