တရုတ်နယ်စပ်မှာ ယွမ်ငွေတစ်ရာကို ကျပ်လေးသောင်းကျော်အထိ စံချိန်တင်မြင့်တက်

2021.09.29
တရုတ်နယ်စပ်မှာ ယွမ်ငွေတစ်ရာကို ကျပ်လေးသောင်းကျော်အထိ စံချိန်တင်မြင့်တက် တရုတ်ယွမ်ငွေ ရေနေသူတစ်ဦးကို တွေ့ရစဉ်
Photo: AFP

မြန်မာကျပ်ငွေတန်ဖိုး ဆက်တိုက်ဆိုသလိုကျနေတာကြောင့် တရုတ်နယ်စပ် ငွေလဲနှုန်းမှာ တရုတ်ယွမ် တစ်ရာကို မြန်မာကျပ်ငွေလေးသောင်းကျော်အထိ စံချိန်တင်ရောက်ရှိနေကြောင်း မူဆယ်နယ်စပ် ငွေလဲလုပ်ငန်း လုပ်ကိုင်နေသူတွေက RFA ကို ဒီနေ့ ပြောပါတယ်။

ဒါဟာ တရုတ်နယ်စပ် ငွေလဲဈေးနှုန်းမှာ မကြုံဖူးလောက်အောင် စံချိန်တင်ရောက်ရှိခဲ့တာဖြစ်ပါတယ်။

ပေါက်ဈေးလေးသောင်း ရှိတယ်ဆိုပေမယ့် လက်တွေ့မှာ တရုတ်ငွေဝယ်မယ်ဆိုရင် ကျပ်လေးသောင်း တစ်ထောင်ပေးရပြီး မြန်မာငွေ ပြန်ဝယ်မယ်ဆိုရင် ကျပ်သုံးသောင်းခွဲလောက်ပဲပေးကြတယ်လို့ ဒီကနေ့ တရုတ်ငွေရောင်းချခဲ့သူတစ်ဦးက ပြောပါတယ်။

မြန်မာကျပ်ငွေ တန်ဖိုးကျပြီး တရုတ်ယွမ်ငွေ ဈေးနှုန်းမြင့်လာနေတာကြောင့် နယ်စပ်မှာ တရုတ်ကုန် ပစ္စည်းတွေ ဈေးနှုန်းတွေ မြင့်တက်လာနေတယ်လို့ နယ်စပ်မှာနေထိုင်သူတွေက ပြောပါတယ်။

တချို့ကုန် ပစ္စည်းရောင်းတဲ့ဆိုင်တွေအနေနဲ့ နောက်ရက်အတက်ဈေးနဲ့ ကုန်ပစ္စည်းတွေဝယ်ရမှာဖြစ်လို့ လက်ရှိကုန် ပစ္စည်းတွေ မရောင်းချတော့ကြတာတွေ ရှိလာတယ်လို့ မူဆယ်ဒေသခံ တစ်ဦးက ပြောပါတယ်။

နယ်စပ်မှာ တရုတ်ကို ကုန်တင်ပို့နိုင်တဲ့ ဂိတ်တွေ ပိတ်ထားတဲ့အတွက် တရုတ်ပို့ကုန် ဝင်ငွေမရတာဟာလည်း တရုတ် ငွေကြေးဈေးမြင့်လာစေဖို့ တစ်စိတ်တစ်ပိုင်း ပါဝင်နေတယ်လို့ ကုန်သည်တွေက ပြောပါတယ်။

စစ်အာဏာ မသိမ်းခင် ဖေဖော်ဝါရီလမှာ တရုတ်ယွမ်ငွေတစ်ရာကို မြန်မာကျပ်ငွေ နှစ်သောင်းတစ်ထောင် ငါးရာဝန်းကျင် ရှိခဲ့ရာကနေ အာဏာသိမ်းပြီး ခုနှစ်လအတွင်းမှာ ထက်ဝက်နီးပါး မြင့်တက်လာခဲ့တာဖြစ် ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။